
ဓာတ်ခွဲနမူနာ ၂,၀၂၀ ခုအား ပထမသုတ်အဖြစ် စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် အယောက် ၁၀၀ ထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၈၄၃ ခု၊ ဆေးသုတေသနဦးစီးဌာနက ၂၅၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၃၃၀ ခု၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးက ၁၀၅ ခု၊ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးက အခု ၆၀၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးက ၁၁ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀ က ဓာတ်ခွဲနမူနာ အခု ၃၀၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးက ၂ ခု၊ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ကုတင် ၁၀၀၀ က ၃၃၃ ခုနဲ့ အမှတ် ၂ တပ်မတော်ဆေးရုံကြီး ကုတင် ၁၀၀၀ က ၅၆ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၂,၀၂၀ ခုအား ဒီနေ့ည စစ်ဆေးပြီးစီးခဲ့ပြီး ကိုဗစ်-၁၉ လူနာသစ် အယောက် ၁၀၀ တွေ့ရှိခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၄၁၉ ဦး၊ သေဆုံးသူ ၈ ဦး၊ ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၈၅ ဦးထဲက ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၆၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၄၂ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နဲ့ သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းတာကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်တွေရဲ့ သတင်းအချက်အလက်တွေကို ထပ်မံထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။










