
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အတွက် နိုင်ငံတကာချေးငွေ အကူအညီအနေနဲ့ ကျပ်သန်းပေါင်း ၂ သန်းလောက် ရထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းက ပြောပါတယ်။
စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနဆီကနေ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CRRP) နဲ့ ဝယ်ထားတဲ့ လူနာတင်ယာဉ်တွေ စက်တင်ဘာ ၄ ရက်က လွှဲပြောင်းတဲ့ အခမ်းအနားမှာ ပြောခဲ့တာပါ။
CERP ရဲ့ လုပ်ငန်းစဉ် ၇.၁.၃ (က) အရ နိုင်ငံတကာက အကူအညီ/ချေးငွေ ရရှိရေးလုပ်ခဲ့ရာမှာ နိုင်ငံတကာ ချေးငွေ၊ အကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံနဲ့ ဂျပန်ယန်း ၃၀ ဘီလီယံ (စုစုပေါင်း ကျပ် သန်းပေါင်း ၂ သန်းလောက်) ညှိနှိုင်းရယူထားတယ်လို့ ဝန်ကြီးက ပြောပါတယ်။
ပြီးတော့ အထောက်အပံ့ အမေရိကန် ဒေါ်လာ ၈၄ ဒသမ ၅၃ သန်း၊ ယူရို ၆ ဒသမ ၂ သန်း၊ မြန်မာ ကျပ်ငွေ ၁၀,၀၀၀,၀၀၀ နဲ့ ဂျပန်ယန်း ၂ ဘီလီယံ (စုစုပေါင်း ကျပ်သန်းပေါင်း ၁ သိန်းခွဲလောက်) တို့ကို ရထားတယ်လို့လည်း ဆိုပါတယ်။
ဆေးနဲ့ဆေးပစ္စည်းဝယ်ယူရေကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဝန်ကြီးဦးသောင်းထွန်းက နိုင်ငံတော်ဘဏ္ဍာငွေနဲ့ ဝယ်ယူရမယ့် ဆေးနဲ့ဆေးပစ္စည်းတွေရှိသလို နိုင်ငံတကာ အကူအညီ၊ ချေးငွေတွေနဲ့ ဝယ်ယူဖို့လည်း ရှိပြီး ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ အင်းစိန်မြို့နယ်က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနပိုင် မြေနေရာမှာ Storage Facility တည်ဆောက်နိုင်ရေးအတွက် ဂျပန်သံရုံးဘက်ကို ဒီဇိုင်းပုံစံ အမြန်ဆုံး ပြန်ကြားနိုင်ရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်ပြီးပြီလို့ ပြောပါတယ်။
ပြီးတော့ ရခိုင်ပြည်နယ်ကို အရေးပေါ်ဆေးပစ္စည်းတွေ အချိန်မီတင်ပို့နိုင်ရေးအတွက် လိုအပ်တဲ့အခါမှာ လေကြောင်း/ ရေကြောင်းတို့နဲ့ ပေးပို့နိုင်ဖို့ အမျိုးသားအဆင့်ဗဟို ကော်မတီကတဆင့် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးညှိနှိုင်းသွားမယ်လို့လည်း ပြောပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဟာ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနဆီကနေ လူနာတင်ယာဉ် ၁၂ စီးမှာယူထားပြီး အဲဒီနေ့က လွှဲပြောင်းခဲ့တာက လူနာတင်ယာဉ် ၄ စီးဖြစ်ပါတယ်။ အဲဒီ ၄ စီးကို ရခိုင်ပြည်နယ်ကို ပို့မယ်မှာဖြစ်ပြီး Standard Type Ambulance မော်တော်ယာဉ်ဖြစ်တာကြောင့် Medical Equipment ၁၂ မျိုး တပ်ဆင်ထားတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးက ပြောပါတယ်။










