
အစိုးရရဲ့ ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအဖွဲ့ဟာ ဖေ့စ်ဘွတ်ခ်နဲ့ လူမှုကွန်ရက်ပေါ်က အကောင့်၊ ပေ့ချ်၊ ဂရုပ်နဲ့ ပို့စ် စုစုပေါင်း ၃၂၀၀ ကျော်နဲ့ သတင်းတုသတင်းမှားတင်နေတဲ့ ဝက်ဆိုဒ်ပေါင်း ၂၃၀ ကို ဖြုတ်ချပိတ်ပင်ခဲ့တယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက စက်တင်ဘာ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအဖွဲ့ (Social Media Monitoring Team - SMMT) ကို သမ္မတရဲ့ အထူးရန်ပုံငွေ ကျပ်သန်းပေါင်း ၆,၀၀၀ ကျော်နဲ့ ၂၀၁၈ ခုနှစ်က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
အခုလို လူမှုကွန်ရက်ပေါ်က ဖြုတ်ချမှုတွေကို Facebook Team နဲ့ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပေမယ့် လုပ်ဆောင်ခဲ့တဲ့ ကာလအပိုင်းအခြားကိုတော့ ပြောမသွားပါဘူး။
ပိတ်သိမ်းဆောင်ရွက်ရာမှာတော့ ဘာသာရေး လူမျိုးရေးဖြစ်ဖို့ လှုံ့ဆော်မှု၊ အမုန်းစကား၊ သတင်းမှားသတင်းတုဖြန့်ဝေမှု၊ တဦးတယောက် တသင်းတဖွဲ့ ဂုဏ်သိက္ခာကျဆင်းစေဖို့ လုပ်ကြံဖန်တီးစွပ်စွဲမှု၊ လူမှုကွန်ရက်အသုံးပြုပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ လိင်စေ့ဆော်မှုတွေ ပြုလုပ်မှုတွေကို အခြေခံတာပါ။
ဖေ့စ်ဘွတ်ပေါ်မှာ အကောင့်ပေါင်း ၁၅၈၁ ခု၊ ပေ့ချ် ၃၃၀ ခု၊ ဂရု ၈၃ ခု၊ ပို့စ် (၁၂၈၈) ခု၊ စုစုပေါင်း ၃၂၈၂ ခုကို ဖြုတ်ချဖို့ Facebook Team ကို ဆက်သွယ်ပြီး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။










