DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကြောင့် ပိတ်ထားရသည့် ဒီးဒုတ်ဆင်စခန်း ဝန်ထမ်းများကို ဝါးကုန်ချောလက်မှုပညာ သင်ပေးမည်
DVB
·
September 5, 2020
ကိုဗစ်ကြောင့် ပိတ်ထားရသည့် ဒီးဒုတ်ဆင်စခန်း ဝန်ထမ်းများကို ဝါးကုန်ချောလက်မှုပညာ သင်ပေးမည်
Donate to DVB

ကိုဗစ်ကာလ ပိတ်ထားရတဲ့ မန္တလေးက ဒီးဒုတ်ဆင်စခန်းက ဆင်ဝန်ထမ်းတွေကို လက်မှုပညာတရပ် တတ်မြောက်စေဖို့ ဝါးကုန်ချောထုတ်လုပ်တဲ့လုပ်ငန်း သင်ကြားပေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းက သိရပါတယ်။

ဒီလိုသင်ကြားနိုင်ဖို့ အရက်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ The Nature Conservancy  က ကုန်ကျစရိတ်တွေနဲ့ အခြေခံလိုအပ်ချက်ပစ္စည်းတွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ 

ဝါးနဲ့ ကြိမ်လုပ်ငန်းရှင်များအသင်းက လက်မှုပညာကို လာရောက်သင်ကြားပေးသွားမှာ ဖြစ်ပြီး ဝါးတွေကို တာရှည်ခံအောင်အသုံးပြုပုံ နည်းပညာတွေနဲ့ ကူညီထောက်ပံ့ပေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်‌။

ဆင်စခန်း ပိတ်ထားရတဲ့အချိန်မှာ ဆင်ဝန်ထမ်းတွေ  နားနေရတဲ့အချိန်တွေ ဖြစ်နေတာကြောင့် အတတ်ပညာတစ်ခုကို တတ်မြောက်စေဖို့ ရည်ရွယ်ပြီး သင်ကြားပေးမှာလို့ မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း လက်ထောက်မန်နေဂျာ ဦးတင်ကျော်မိုးက ပြောပါတယ်။

“ကျနော်တို့ ဆင်ဝန်ထမ်းတွေ ကိုဗစ်ကာလမှာ လုံးဝ နားနားနေနေ နေရတဲ့အချိန်မှာ အသိပညာ သို့တည်းမဟုတ် ပေးချင်တဲ့အတွက် သူတို့ကို ခေါ်တယ်။ ကျနော်တို့ အခုလုပ်တဲ့ ကုလားထိုင်လေးတွေဆိုရင် ကုလားထိုင်လုပ်တဲ့ အတတ်ပညာသည်တွေကို ခေါ်တယ်။ သူတို့ကို သင်ခိုင်းတယ်။ ဥပမာ ယပ်တောင်လုပ်တဲ့လုပ်ငန်းဆိုရင်လည်း အဲဒီယပ်တောင်လုပ်တဲ့လုပ်ငန်းကို သွားပြီးတော့ လေ့လာခိုင်းတယ်၊ သင်ခိုင်းတယ်ပေါ့။ ဒါမျိုးတွေ လုပ်ပါတယ်ဗျ။ အဲဒီကနေမှ ကျနော့်ဆင်စခန်းရဲ့ Activity တခုကို ကျနော့်ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်လိုက်တဲ့အချိန်မှာ ကုမ္ပဏီကနေပြီးတော့ ဒီထက်အဆင့်မြင့်တဲ့လုပ်ငန်းတွေကို ဆင်ဝန်ထမ်းတွေကို သင်ပေးမယ် ဆိုပြီးတော့ သူတို့ဘက်က ကမ်းလှမ်း၊ ကျနော့်ဘက်ကလည်း တောင်းဆို၊ သူတို့ဘက်ကလည်း ကမ်းလှမ်းတဲ့အတွက် ဒီဟာလေးဖြစ်လာတာပါဗျ။”

လက်ရှိမှာတော့ ဝါးနဲ့ပြုလုပ်နေတဲ့ လုပ်ငန်းတွေမှာ သွားရောက်လေ့လာသင်ယူခိုင်းကာ စက်တင်ဘာလ ၁၅ ရက် ဒါမှမဟုတ် အောက်တိုဘာလလောက်မှာ ထောက်ပံ့မှုတွေနဲ့ သင်ကြားမှုတွေကို စတင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဝါးကနေ ထုတ်ကုန်အချောဖြစ်တဲ့ ခေါင်းအုံးထဲမှာ ထည့်အိပ်ရတဲ့ ဝါးမီးသွေး၊ ဝါးဆက်တီခုံ၊ ဝါးကုလားထိုင်တွေကို ရောင်းချနိုင်တဲ့အထိ ထုတ်လုပ်နည်းတွေ သင်ကြားသွားမယ်လို့ ဦးတင်ကျော်မိုးက ပြောပါတယ်။

လက်ရှိ သင်ပြီးသလောက် ဝါးထုတ်ကုန်တွေကို ရောင်းချရာမှာ ကုလားထိုင်တလုံးကို ၆၀၀၀ ကျပ်နဲ့ ဝါးဆက်တီ ခုံတစ်စုံကို ၈ သောင်းလောက်အထိ ဈေးနှုန်း ရရှိနေတယ်လို့ ဒီးဒုတ်ဆင်စခန်း ဆင်ခေါင်း ဦးဘုန်းလွင်ဦးက ပြောပါတယ်။

“ကျနော် ရိုက်ထားတဲ့ ကုလားထိုင်လေးတွေကျတော့ တလုံး ၆၀၀၀ နဲ့ ရောင်းရပါတယ်၊ ၁၀ ခုံ ရှိပြီ။ ကျနော်တို့ ဝါးဆက်တီတစုံဆိုရင် ၇ သောင်း၊ ၈ သောင်းလောက်အထိ ရောင်းရပါတယ်။ ဒီကိုဗစ်ကာလမှာ ဒီထိုင်ခုံလေးတွေလုပ်ပြီးရောင်းရတော့ ကျနော်တို့ ဆင်သမားတွေအတွက်လည်း အဆင်ပြေ၊ ၀န်ထမ်းလေးတွေအတွက်လည်း စားဝတ်နေရေး တဘက်က ထောက်တာပေါ့။ သင်တန်းပို့ချပြီးရင်တော့ ကျနော်တို့ ဒီ့ထက် တိုးတက်အောင်လုပ်သွားဖို့ အစီအစဉ်လေးတွေတော့ ရှိပါတယ်။” 

လက်ရှိမှာ ဝါးကုလားထိုင်နဲ့ ဝါးယပ်တောင်တွေကို ပြုလုပ်ရောင်းချနေတယ်လို့ သိရပါတယ်။

ကြိမ်လုပ်ငန်းရှင်များအသင်းကနေ စနစ်တကျ သင်ကြားပေးပြီးပါက အဆိုပါ ပညာရပ်တွေကို စိတ်ဝင်စားသူတွေအတွက် သင်တန်းဖွင့်လှစ်ပြီး ပြန်လည်မျှဝေပေးသွားမယ်လို့ ဒီးဒုတ်ဆင်စခန်းကနေ သိရပါတယ်။

ခင်ပြည့်စုံဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013