DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်ကကိုဗစ်-၁၉ အတည်ပြုလူနာများအနက် ရောဂါလက္ခဏာမပြသူ ၇၅ ရာခိုင်နှုန်းရှိနေ
DVB
·
September 4, 2020
မြန်မာပြည်ကကိုဗစ်-၁၉ အတည်ပြုလူနာများအနက် ရောဂါလက္ခဏာမပြသူ ၇၅ ရာခိုင်နှုန်းရှိနေ
Donate to DVB

မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေထဲမှာ လူနာ ၂၅ ရာခိုင်နှုန်းလောက်မှာသာ ရောဂါလက္ခဏာပြတာတွေ့ရပြီးတော့ ၇၅ ရာခိုင်နှုန်းလောက်က ရောဂါလက္ခဏာပြသခြင်းမရှိဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့ ညနေ သမ္မတ အိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စက်တင်ဘာ ၄ ရက် မနက်ပိုင်းအထိကို ကိုဗစ်အတည်ပြုလူနာ ၁၁၃၃ ဦး ရှိနေပြီး အဲ့ဒီထဲက ၂၅ ရာခိုင်နှုန်းလောက်သာ ရောဂါ လက္ခဏာ ခံစားရတာပါ။ ဒါ့အပြင် ပြည်ပကနေ ကူးစက်လာသူက ၂၅ ရာခိုင်နှုန်းကျော်လောက်သာရှိပြီး ကျန်အတည်ပြု လူနာတွေက ပြည်တွင်းမှာ ကူးစက်ခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ပကနေ ကူးစက်ဖြစ်ပွားလာသူ ၂၈၇ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၂၅ ဒသမ ၃၃ ရာခိုင်နှုန်းရှိပြီးတော့ ပြည်တွင်းမှာ ကူးစက်ဖြစ်ပွားသူ ၈၄၆ ဦး ၊ ၇၄ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

အဲ့ဒီမှာ ရခိုင်ပြည်နယ်မှာ ၄၉၆ ဦး (၄၃ ဒသမ ၇၈ ရာခိုင်နှုန်း )နဲ့ အများဆုံးဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးက ၄၈၁ ဦး (၄၂ ဒသမ ၄၅ ရာခိုင်နှုန်း)  ဒုတိယအများဆုံးဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ ၂၉ ဦး (၆ ဒသမ ၅ ရာခိုင်နှုန်း) ၊ချင်းက ၁၈ ဦး (၄ ရာခိုင်နှုန်း) ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်နဲ့ ရခိုင်ပြည်နယ်မှာ ရောဂါကူးစက်မှု ဆက်လက်မြင့် မားနေဆဲဖြစ်ပြီး ထိရောက်စွာဟန့်တားနိုင်ဖို့ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးဖို့ ဦးဇော်ဌေးက တိုက်တွန်းပါတယ်။

“ လက်ရှိရန်ကုန်ရယ်၊ ရခိုင်ရယ်ပေါ့နော်၊ အဲ့ဒီအခြေအနေမှာတော့ အများအားဖြင့်တော့ ဆက်လက်ပြီးတော့ ကူးစက်နေတဲ့အနေအထားပေါ့နော်၊ အခုလက်ရှိမှာ ကိုဗစ်-၁၉ က ကူးလာတဲ့ အနေအထားတွေတွေ့ရှိရပါတယ်။ ပြည်ထောင်စုအစိုးရရယ်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ စေတနာ့ဝန်ထမ်း၊ အလှူရှင်တွေ၊ ကဏ္ဍပေါင်းစုံကလည်း အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ လမ်းညွှန်မှုနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေတာရှိတယ်။ ဒီလိုဆောင်ရွက်နေတဲ့အချိန်မှာ အချိန်တိုအတွင်းမှာ ထိရောက်အောင်မြင်နိုင်ဖို့အတွက် အရေးကြီးဆုံးအချက်ကတော့ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြည်ပက ပြန်လာသူတွေနဲ့ အနီးကပ်ထိတွေ့သူ စုစုပေါင်း ၃ သိန်းခွဲကျော်ကို အစိုးရက အကုန်အကျခံပြီး Facility Quarantine ထားရှိပေးထားသလို လတ်တလော ရောဂါပိုးတွေ့ရှိမှု မြင့်မားနေတဲ့ ရခိုင်ပြည်နယ်အတွက်ကိုလည်း ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးအတွက် ဆောင်ရွက်နေရာမှာ အစိုးရဝန်ထမ်းတွေက အဓိကဆောင်ရွက်နေပြီး ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုက အားနည်းနေသေးတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

စက်တင်ဘာ ၄ ရက်ည ၈ နာရီအထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၁၇၁ ဦး၊ သေဆုံးသူ ၇ ဦး၊ နှစ် ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၅၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၅၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ်  ၉၈  ဦးရှိပါတယ်။

သတင်း-ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Photo - Ye Myo Khant / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013