
မန္တလေးတိုင်း မိုးကုတ်မြို့က ကျောက်မျက်ရတနာဈေး (ထာပွဲ) တွေကို ဇွန်လ ၁ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့တာမှာ တိုင်းဒေသကြီးအစိုးရရဲ့ ညွှန်ကြားချက်၊ လမ်းညွှန်မှု စည်းကမ်းချက်တွေ နဲ့အညီ ဆက်လက် ဖွင့်လှစ်ထားတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုနှုန်း မြင့်မားလာတာကြောင့် ထာပွဲလာသူတွေကို စနစ်တကျ လက်ဆေးခိုင်းတာ၊ အပူချိန်တိုင်းတာ၊ Mask တပ်စေတာ၊ Hand Gel သုံးပြုဖို့ကို ထာပွဲ အဝင်အထွက်တွေမှာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ကျောက်မျက်ကုန်သည် အသေးစားလေးတွေ၊ အခြေခံလူတန်းစားတွေ လာရောက်နေတာ ကြောင့် ပိတ်ပစ်လို့လည်း မဖြစ်ဘူးလို့ ဆိုပါတယ်။
ထာပွဲတွေဖွင့်တဲ့အခါ အခက်အခဲတွေရှိပေမယ့် ကိုဗစ်-၁၉ အရေးပေါ်ကာကွယ်ရေး ကော်မတီတွေနဲ့ မြို့မိမြို့ဖတွေ ညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင်နဲ့ ဆက်လက်ဖွင့်လှစ်နေကြောင်း မဏိမင်္ဂလာထာပွဲကော်မတီဝင် ဦးစိုးစိုးက ပြောပါတယ်။
မီးသတ်၊ ကြက်ခြေနီနဲ့ တခြားကော်မတီတွေ ပူးပေါင်းပြီး ထာပွဲလာသူတွေကို လက်သေချာ ဆေးစေတာ၊ Mask တပ်စေတာ လူခွဲနေခိုင်းတာစတဲ့ စည်းကမ်းချက် လမ်းညွှန်ချက်တွေနဲ့အညီ ဖွင့်လှစ်နေတာလည်း ဖြစ်ပါတယ်။
မိုးကုတ်ထာပွဲတွေကို ဧပြီလကတည်းက ပိတ်ထားခဲ့တာဖြစ်ပြီး ဇွန်လ ၁ ရက်နေ့ စျေးတွေ ပြန်ဖွင့်ကတည်းက ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
သတင်း- ဟန်နာထက်အောင်










