DVB Logo
Home
နိုင်ငံတကာ
အာဂျင်တီးနားသမ္မတအိမ်တော်အတွင်း သတင်းမီဒီယာ ဝင်ရောက်ခွင့် ပိတ်ပင်
DVB
·
April 24, 2026
အာဂျင်တီးနားသမ္မတအိမ်တော်အတွင်း သတင်းမီဒီယာ ဝင်ရောက်ခွင့် ပိတ်ပင်
Donate to DVB

အာဂျင်တီးနားသမ္မတ ဟာဗီယာမီလေ့ အစိုးရဟာ ဧပြီ ၂၃ ရက်မှာ ကာဆာရိုဆာဒါ သမ္မတ အိမ်တော်ထဲကို အသိအမှတ်ပြုထားပြီးသား သတင်းထောက်တွေ ဝင်ရောက်ခွင့် ရုတ်တရက် ပိတ်ပင် လိုက်ပါတယ်။

ပြည်တွင်းရုပ်သံလိုင်းတခုက Smart Glasses (မျက်မှန်ကင်မရာ) သုံးပြီး ရိုက်ထားတဲ့ ရုပ်သံဖိုင် တွေကို ထုတ်လွှင့်ခဲ့ပြီးနောက်မှာ ဒါဟာ “တရားမဝင် ထောက်လှမ်းမှု” ဖြစ်တယ်လို့ အကြောင်းပြပြီး ပိတ်ခဲ့တာပါ။

ဒီအစီအစဉ်ကို ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဟာဗီယာ လာနာရီက လူမှုကွန်ရက် X မှာ ကြေညာ ခဲ့တာဖြစ်ပြီး ဒါဟာ လုံခြုံရေးအရ “ကြိုတင်ကာကွယ်တဲ့ အစီအမံ” အဖြစ် သတင်းထောက်တွေရဲ့ လက်ဗွေနဲ့ ဝင်ထွက်ခွင့်စနစ်ကို ဖျက်သိမ်းလိုက်တာလို့ ဆိုပါတယ်။

ဒါကြောင့် ကြာသပတေးနေ့မနက်မှာ ကာဆာရိုဆာဒါ သမ္မတအိမ်တော်မှာ ပုံမှန် သတင်းစာ ရှင်းလင်းပွဲ တက်ရောက်နေကျ ရိုက်တာသတင်းထောက်အပါအဝင် သတင်းထောက်အားလုံး ဝင်ခွင့် မရတော့တဲ့ အခြေအနေ ဖြစ်သွားပါတယ်။

ဧပြီ ၂၂ ရက်ကလည်း TN ရုပ်သံဌာနက ကာဆာ ရိုဆာဒါထဲမှာ စမတ်မျက်မှန်နဲ့ ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းကို ထုတ်လွှင့်ခဲ့လို့ သမ္မတ မီလေ့က လူမှုကွန်ရက်မှာ အဲဒီဌာနက သတင်းထောက် ၂ ယောက်ရဲ့ ဓာတ်ပုံကို တင်ပြီး “လူ့အမှိုက်တွေ” လို့ ပြောဆိုခဲ့ကာ ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ဝေဖန်ခဲ့ပါတယ်။

ဒါကိုကာဆာ ရိုဆာဒါ အိမ်တော်မှာ နှစ်ပေါင်းများစွာ သတင်းယူခဲ့တဲ့ သတင်းထောက် စတယ်လာ ဂါနီကာကတော့  သူတို့ရိုက်ကူးခဲ့တဲ့ နေရာတွေဟာ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေသာဖြစ်ပြီး လုံခြုံရေး ချိုးဖောက်တာ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။

သတင်းထောက် စတယ်လာ ဂါနီကာက “သတင်းထောက် အယောက် ၆၀ လောက်ကို အိမ်တော်ထဲ က သတင်းခန်းထဲ ပေးမဝင်တော့တာပါ။ ဒါဟာ အစိုးရက ထောက်လှမ်းရေးလုပ်တယ်ဆိုပြီး တရားစွဲ လိုက်လို့ ဖြစ်တာ” လို့ ပြောပါတယ်။

အိမ်တော်မှာ အလုပ်လုပ်ခွင့်ရထားတဲ့ သတင်းထောက်များအဖွဲ့ကတော့ ဒီလုပ်ရပ်ဟာ သတင်း လွတ်လပ်ခွင့်ကို တိုက်ရိုက်ထိခိုက်တဲ့ အပြုအမူဖြစ်တယ်လို့ ထုတ်ပြန်ပြီး ပြင်းပြင်းထန်ထန် ဝေဖန် ထားပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အကြောင်းပြချက် မလုံလောက်ဘဲ ပြည်သူတွေ သတင်းရယူခွင့်ကိုပါ ကန့်သတ် လိုက်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

အတိုက်အခံဘက်ကလည်း ဒီအခြေအနေကို အလွန်အန္တရာယ်ရှိတဲ့ လမ်းကြောင်းတခုလို့ သုံးသပ် ပါတယ်။

လွှတ်တော်အမတ် မိုနီကာ ဖရိတ်ဒ် ကတော့ ဒီလိုလုပ်ရပ်ဟာ ဒီမိုကရေစီနိုင်ငံတခုမှာ မမြင်သင့်တဲ့ အခြေအနေဖြစ်ပြီး အာဏာရှင်ဆန်တဲ့ လက္ခဏာတွေ ပိုမိုထင်ရှားလာနေတယ်လို့ ဝေဖန်ပါတယ်။

လွှတ်တော်အမတ် မက်စီ မီလီယာနိုဖာရာရို ကလည်း သတင်းထောက်တယောက်ရဲ့လုပ်ရပ်ကို အကြောင်းပြပြီး ထောက်လှမ်းရေးနဲ့ နိုင်ငံလုံခြုံရေးဆိုတဲ့ အကြောင်းပြချက်တွေ သုံးတာဟာ အန္တရာယ် ရှိပြီး သတင်းလွတ်လပ်ခွင့်ကို တဖြည်းဖြည်းကန့်သတ်နေတဲ့ လုပ်ရပ်လို့ ပြောထား ပါတယ်။

သမ္မတ မီလေ့ဟာ ၂၀၂၃ ဒီဇင်ဘာမှာ ရာထူးတက်ကတည်းက သတင်းထောက်တွေနဲ့ ဆိုရှယ်မီဒီယာ ပေါ်မှာရော အင်တာဗျူးတွေမှာပါ ခဏခဏ ပြဿနာတက်လေ့ရှိသူဖြစ်ပြီး အစိုးရနဲ့ မီဒီယာကြား ဆက်ဆံရေး အဆိုးရွားဆုံး အခြေအနေကို ရောက်နေပြီလို့ သတင်းလွတ်လပ်ခွင့်အဖွဲ့တွေက သတိပေးနေကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013