DVB Logo
Home
မြန်မာသတင်း
ဂွမြို့နယ် ထွေအုပ်ဝန်ထမ်း ၁ ဦး ကိုဗစ်ကူးစက်ခံရ၍ ဝန်ထမ်းအားလုံး ရုံး Quarantine ဝင်
DVB
·
August 30, 2020
ဂွမြို့နယ် ထွေအုပ်ဝန်ထမ်း ၁ ဦး ကိုဗစ်ကူးစက်ခံရ၍ ဝန်ထမ်းအားလုံး ရုံး Quarantine ဝင်
Donate to DVB

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးက ဝန်ထမ်းတယောက် ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ထွေအုပ်တရုံးလုံးဟာ ရုံးမှာပဲ အသွားအလာ ကန့်သတ်နေထိုင်ပြီး အလုပ်တွေ ဆက်လုပ်နေကြပါတယ်။

ဝန်ထမ်းအမျိုးသမီးဟာ INGO ဝန်ထမ်းအမျိုးသမီး လူနာအမှတ် ၄၁၃ နဲ့ ထိတွေ့ဆက်စပ်ခဲ့ပြီးနောက် သြဂုတ် ၂၈ ရက်ညပိုင်းမှာ ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ လူနာအမှတ် ၆၃၄ ဖြစ်လာခဲ့ပါတယ်။

ဂွမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက “ကျနော်တို့ရုံးဝန်ထမ်းတွေအားလုံးကို အဲဒီနေ့ညကပဲ အိမ်မပြန်ခိုင်းဘဲ ရုံးမှာပဲ Quarantine ဝင်ခိုင်းလိုက်ပါတယ်။ အားလုံး ၂၄ ယောက်ပါ။ ၂ ယောက်ကတော့ သံတွဲမှာ Quarantine ဝင်နေပါတယ်။ ရုံးမှာလည်း ရုံးအလုပ်တွေ ဆက်လုပ်နေပါတယ်” လို့ ပြောပါတယ်။

သူကိုယ်တိုင်လည်း Quarantine ဝင်နေရသလို Quarantine ဝင်နေသူတယောက်စီအတွက် အစိုးရအဖွဲ့က တရက်ကို ကျပ် ၃၀၀၀ နှုန်းထောက်ပံ့ထားပြီး ရုံးမှာပဲ ချက်ပြုတ်စားသောက်ကြတယ်လို့ သူက ပြောပါတယ်။ ရုံးအလုပ်တွေ လုပ်ရာမှာလည်း ခပ်ခွာခွာနေတာ၊ နှာခေါင်းစည်းနဲ့ လက်အိတ်ဝတ်ဆင်တာတွေလုပ်ထားတယ်လို့ ဆိုပါတယ်။ 

ထွေအုပ်ဝန်ထမ်း လူနာအမျိုးသမီးဟာ INGO ဝန်ထမ်းအမျိုးသမီးနဲ့ ထိတွေ့ခဲ့ပြီး‌နောက် အတည်ပြုလူနာအဖြစ် မသိရခင်ကာလမှာ ရုံးကိုလည်း ပုံမှန်တက်နေခဲ့တာဖြစ်ပါတယ်။

ဦးသန်းဝင်းက “ဝန်ထမ်းတွေရဲ့ မိသားစုတွေကတော့ Home Quarantine ထားပါတယ်။ ဝန်ထမ်းတွေကိုတော့ ဒီနေ့ပဲ ဓာတ်ခွဲနမူနာယူဖို့ လုပ်နေပါတယ်။ ကျနော်ကတော့ ၂ ကြိမ် စစ်ပြီးပါပြီ။ ပိုးမတွေ့ပါဘူး” လို့ ပြောပါတယ်။

ထွေအုပ်ဝန်ထမ်း လူနာအမျိုးသမီးကို ဂွမြို့နယ်ဆေးရုံမှာ ကုသပေးနေပြီး ကျန်းမာရေးကောင်းသလို ဒီနေ့အထိ ဖျားနာတာမရှိဘူးလို့လည်း ပြောပါတယ်။ သူနဲ့တအိမ်တည်း အတူနေသူကိုလည်း သီးခြားလူနာဆောင်မှာ ထားတယ်လို့ ဂွမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆိုပါတယ်။

INGO ဝန်ထမ်းအမျိုးသမီး လူနာအမှတ် ၄၁၃ ဟာ သံတွဲမြို့ကို သြဂုတ် ၁၁ ရက်နေ့မှာ အဖော် ၃ ယောက်နဲ့အတူ ရောက်လာခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးအပါအဝင် ဌာနဆိုင်ရာ ၃ ခုနဲ့ အစည်းအဝေးပြုလုပ်ခဲ့တာကြောင့် သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ထွေအုပ်ဝန်ထမ်း ၃ ယောက် အပါအဝင် သံတွဲမြို့က လူ ၃၀ ကျော်လောက်ကိုလည်း ရောဂါစစ်ဆေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013