အမေရိကန်တွင် ဟာရီကိန်းမုန်တိုင်းကြောင့် ၁၄ ဦး သေဆုံး၊ နေအိမ် ၅ သိန်းခန့် မီးပြတ်
DVB
·
August 29, 2020
အမေရိကန် တောင်ပိုင်းပြည်နယ်တွေကို ဟာရီကိန်းလော်ရာ ဝင်ရောက်ခဲ့ပြီးနောက် သေဆုံးသူ အရေအတွက်ဟာ ၁၄ ယောက် ဖြစ်လာတယ်လို့ သြဂုတ် ၂၉ ရက် ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
သေဆုံးသူတွေက လူဝီစီယားနားပြည်နယ်က ၁၀ ယောက်နဲ့ တက္ကဆက်ပြည်နယ်က ၄ ယောက် ဖြစ်ပါတယ်။
မုန်တိုင်းလော်ရာဟာ လေတိုက်နှုန်း ၁ နာရီ မိုင် ၁၅၀ နှုန်းတိုက်ခဲ့တာကြောင့် အပျက်အစီး များပြားတာ၊ နေအိမ် ၅ သိန်းကျော် လျှပ်စစ်မီး ပြတ်တောက်တာနဲ့ ဓာတုစက်ရုံတစ်ရုံ မီးလောင်တာတွေ ဖြစ်ခဲ့ပါတယ်။
လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးက ဟာရီကိန်း နောက်ဆက်တွဲ အကျိုးဆက်တွေကို ဖြေရှင်းဖို့အတွက် ငွေကြေးအကူအညီ ချက်ချင်းပေးအပ်ဖို့ ဖက်ဒရယ်အစိုးရထံ တောင်းဆိုထား ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ဟာလည်း ဟာရီကိန်းဒဏ်သင့် ပြည်နယ်နှစ်ခုကို သွားရောက်မယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။