DVB Logo
Home
မြန်မာသတင်း
၁၈ ရက်အတွင်း ရခိုင်မှလေယာဉ်ဖြင့်သွားသူ ၆၀၀၀ ခန့်ရှိ၊ တချို့ ကိုဗစ်ရှိနိုင်ဟု ကျန်းမာရေးဝန်ကြီး ပြော
DVB
·
August 29, 2020
၁၈ ရက်အတွင်း ရခိုင်မှလေယာဉ်ဖြင့်သွားသူ ၆၀၀၀ ခန့်ရှိ၊ တချို့ ကိုဗစ်ရှိနိုင်ဟု ကျန်းမာရေးဝန်ကြီး ပြော
Donate to DVB

ဩဂုတ် ၁၀ ရက်ကနေ ၂၇ ရက်နေ့အတွင်း ရခိုင်ပြည်နယ်ကနေ လေကြောင်းနဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေကို ရောက်သွားသူပေါင်း အယောက် ၆၀၀၀ လောက်ရှိပြီး တချို့ဟာ ကိုဗစ်-၁၉ ရှိနေနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ဟာ အချိန်တိုအတွင်း အများအပြားတွေ့နေပြီး ကပ်ရောဂါရဲ့ သဘောသဘာဝအရ နောက်ထပ် ရက်နည်းနည်းမှာလည်း ဆက်များနေနိုင်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

မနေ့က နေပြည်တော်မှာလုပ်တဲ့ ရခိုင်ပြည်နယ်မှာ လျင်လျင်မြန်မြန် ကူးစက်နေတဲ့ ကိုဗစ်-၁၉ ကို ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ ဗဟို၊ ရခိုင်ပြည်နယ်နဲ့ တခြားတိုင်း နဲ့ ပြည်နယ်တွေက ကျန်းမာရေးကဏ္ဍ တာဝန်ရှိသူတွေနဲ့ ကွင်းဆင်းအဖွဲ့တွေရဲ့ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။

ရခိုင်ပြည်နယ်ကနေ လေကြောင်းနဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေကို ရောက်သွားသူပေါင်း ၅၇၀၀ ကျော်ရှိပြီး ဒီထဲက တချို့ဟာ ကိုဗစ်-၁၉ ကူးစက်နေသူတွေ ဖြစ်နိုင်တာကြောင့် ရခိုင်ပြည်နယ်ကို သြဂုတ် ၁၀ ရက်နောက်ပိုင်း ခရီးသွားရာဇဝင်ရှိသူ အားလုံးဟာ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို ချက်ချင်းအကြောင်းကြားရမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။

ဒီလူတွေကတဆင့် တခြားသူတွေကို အဆင့်ဆင့်ရောဂါထပ်မကူးအောင်၊ နိုင်ငံတဝန်းမှာ ရောဂါမဖြစ်အောင်အတွက် ရောဂါထိန်းချုပ်ရေးကို ပုံမှန်ထက် ၂ ဆလောက်မြှင့်တင်လုပ်ရမယ်လို့ လည်း ဆိုပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးတာကိုတွေကို တိုးလုပ်နေပြီး GeneXpert စက်တွေကိုလည်း ရခိုင်ပြည်နယ်က စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦးနဲ့ မောင်တောမြို့နယ်တို့မှာ တပ်ဆင်ပြီး စစ်ဆေးနေသလို ဓာတ်ခွဲမှုဆိုင်ရာ ပစ္စည်းတွေ မပြတ်လပ်အောင် ကြိုတင်တွက်ဆ ဝယ်ယူထားတယ်လို့ ပြောပါတယ်။

ပြီးတော့ ဆေးသုတေသနဦးစီးဌာနမှာ ကနဦးစစ်ဆေးချက်အရ ရခိုင်ပြည်နယ်က ဓာတ်ခွဲနမူနာ ၉ ခုလုံးမှာ ကိုဗစ်-၁၉ ရောဂါပိုးနဲ့ မျိုးဗီဇအစိတ်အပိုင်းတခုဟာ ပြောင်းလဲနေတာကို တွေ့ရလို့ အခုလို ကူးစက်တာမြန်နေတယ်လို့ ယူဆပြီး မျိုးဗီဇတခုလုံးကို ဆက်လက် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

သြဂုတ် ၁၆ ရက်ကနေ ဒီနေ့ မနက်ပိုင်းအထိ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၃၈ ယောက် တွေ့ထားပြီး တခြားတိုင်းနဲ့ ပြည်နယ်တွေကနေ စစ်တွေမြို့ကို ခရီးသွားရာဇဝင်ရှိသူ ၇ ယောက်မှာလည်း ရောဂါကူးစက်ခံရတာကို တွေ့ထားပါတယ်။

ကူးစက်တာတွေ ချက်ချင်းများလာတာဟာ ကူးစက်ခံရသူတွေအနေနဲ့ ရောဂါဖြစ်နေတာကို မသိဘဲ ခရီးသွားလာတာများခဲ့ပြီး လူအများနဲ့ ထိတွေ့ခဲ့တာကြောင့် ဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ပြီးတော့ ရခိုင်ပြည်နယ်မှာ သြဂုတ် ၁၆ ရက်နောက်ပိုင်းတွေ့ရတဲ့ ကိုဗစ်-၁၉ လူနာတွေမှာ ရောဂါလက္ခဏာတစုံတရာမပြဘဲ အမြင်အားဖြင့် နေကောင်းနေသူတွေ ၇၉ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ဆိုပါတယ်။

ပါးစပ်နဲ့နှာခေါင်းစည်း (mask) မတပ်သူတွေကို ဈေးတွေကို ဝင်ခွင့်မပြုဖို့နဲ့ မြို့တွင်းနဲ့ အဝေးပြေးယာဉ်တွေမှာ စီနင်းခွင့်မပြုရေးအတွက် အခုအချိန်မှာ အထူးအရေးကြီးနေပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့ ဝန်ကြီးက ပြောပါတယ်။

စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ထပ်လိုမယ့် အထူးကြပ်မတ်ကုသတဲ့ လူနာခုတင်တွေနဲ့ အသက်ရှူစက်တွေကိုလည်း ချက်ချင်းဖြည့်ဆည်းနေပြီး ထပ်တိုးလာနိုင်တဲ့ လူနာတွေအတွက် ယာယီဆေးရုံတခု ဖွင့်လှစ်ဖို့ စီစဉ်သွားမယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013