
စပိန်လာလီဂါပြိုင်ပွဲရာသီမပြီးခင်မှာဘဲ ရီးရဲမက်ဒရစ်ကိုနိုင်ပြီး ချန်ပီယံဖြစ်သွားခဲ့တဲ့ ဘာစီလိုနာအသင်းဟာ အမိုးဖွင့်ကားပေါ်ကနေ မေ ၁၁ ရက်က လှည့်လည် အောင်ပွဲခံခဲ့ပါတယ်။
လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းဟာ တနင်္ဂနွေနေ့က မဟာပြိုင်ဘက်အသင်းဖြစ်တဲ့ ရီးရဲမက်ဒရစ်ကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး လာလီဂါချန်ပီယံဆု ၂၉ ကြိမ်မြောက် ရရှိခဲ့တာပါ။
လာလီဂါ ပွဲစဉ် ၃ ပွဲအထိ ကစားဖို့ ကျန်နေသေးပေမဲ့ ဇယားထိပ်ဆုံးက ဘာစီလိုနာအသင်းဟာ ဒုတိယနေရာက ရီးရဲအသင်းထက် ၁၄ မှတ်အသာ ရသွားတာကြောင့် ချန်ပီယံဖြစ်မှုကို သေချာစေခဲ့တာပါ။
ဒီပွဲစဉ်မှာ ဘာစီလိုနာရဲ့ အငှားကစားသမား မားကပ်စ်ရက်ရှ်ဖို့နဲ့ ဖာရန် တောရက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ နည်းပြဟန်စီဖလစ်ရဲ့ အသင်းကို ရမှတ် ၉၁ မှတ်အထိ အရယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ လာလီဂါ ဖလားအပြင် ဇန်နဝါရီလက ရီးရဲကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူ ရရှိခဲ့တဲ့ စပိန်စူပါဖလားကိုပါ အမိုးဖွင့်ကားပေါ်တင်ပြီး လှည့်လည်ပြသ အောင်ပွဲခံခဲ့တာပါ။










