
ပီရူးနိုင်ငံမှာ အယ်လ်နီညိုရာသီဥတုဒဏ်ကို လူပေါင်း ၁ ဒသမ ၂ သန်းကျော် ခံစားနေရတယ်လို့ အမျိုးသားကာကွယ်ရေးရုံးက ပြောပါတယ်။
ပီရူးနိုင်ငံမှာ မိုးရွာသွန်းမှုတချို့နဲ့ မမျှော်လင့်ဘဲ အပူချိန်မြင့်တက်မှုတွေက ဒေသခံ ၁ သန်းကျော် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ဖြစ်တယ်လို့ ပြောခဲ့တာပါ။
အယ်လ်နီညိုရာသီဥတုဟာ လာမဲ့ နိုဝင်ဘာလကနေ စပြီး ပိုပြင်းထန်လာနိုင်တယ်လို့လည်း အမျိုးသားကာကွယ်ရေးအဖွဲ့ အကြီးအကဲ လူးဝစ်က ပြောပါတယ်။
အယ်လ်နီညိုရာသီဥတု ပြောင်းလဲမှုက ပီရူးမှာရှိတဲ့ ဒေသ ၁၀ ခုထက်မနည်း မြို့တွေရေကြီးတာ၊ ရွှံနွံဖုံးလွှမ်းမှုနဲ့ ကျောက်လွှာနိမ့်ဆင်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း ဆိုပါတယ်။
အယ်လ်နီညိုရာသီဥတုကြောင့် လူ ၁ ဒသမ ၂ သန်းလောက် ထိခိုက်ခံစားရမှာဖြစ်ပြီး အိုးအိမ်မဲ့မှုတွေ ဖြစ်လာမယ်လို့လည်း လူးဝစ်က ပြောပါတယ်။
ပီရူးနိုင်ငံ မြောက်ပိုင်းက နယ်မြေ ၄ ခုလောက်က အဓိက ထိခိုက်ခံစားရမှာ ဖြစ်ပါတယ်။
ပီရူးနိုင်ငံမြောက်ပိုင်း ဒေသတွေဟာ သီးနှံစိုက်ပျိုးမှု အဓိကလုပ်တဲ့ နယ်မြေတွေဖြစ်ပြီး ရာသီဥတု အပြောင်းအလဲကြောင့် သီးနှံအထွက်နှုန်းကို ထိခိုက်ပြီး စီးပွားရေးအရှုံးပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ပီရူးနိုင်ငံဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ် ၄ ခုလောက်ကတည်းက အယ်နီညိုရာသီဥတုဒဏ်ကို အကြိမ်ပေါင်း များစွာ ခံစားခဲ့ရတဲ့နိုင်ငံ ဖြစ်ပါတယ်။
နိုင်ငံရဲ့ အဓိကနေရာ ၅၃၆ နေရာရှိတယ်လို့ လူးဝစ်က ပြောထားပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေလျှံတာမျိုး ဖြစ်တတ်တာကြောင့် မြစ်တွေကို တူးဖော်တာမျိုး လုပ်ဆောင်ရတယ်လို့လည်း ဆိုပါတယ်။
ပီရူးနိုင်ငံဟာ စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့နိုင်ငံ ဖြစ်တာကြောင့် မိုးရွာသွန်းမှုက နိုင်ငံရဲ့ အဓိက စီးပွားရေးအတွက် အဓိကကျပါတယ်။











