
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပါး တောင်ကလပ်ကို သြဂုတ် ၂၆ ရက်က စတင်ပြီး တောင်ပေါ်တက်ရောက်ခွင့် ယာယီ ပိတ်သိမ်းထားမှာ ဖြစ်တယ်လို့ ပုပ္ပါးတောင်ကလပ် ဂေါပက အဖွဲ့က ပြောပါတယ်။
ပုပ္ပါးတောင်ကလပ် ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဌေးမြင့်က “တိုင်းအစိုးရညွှန်ကြားချက် အရပါပဲ။ မနက်ဖြန် စာရောက်မယ်လို့ သိရတယ်။ နှုတ်မိန့်က ကြိုရောက်လာလို့ တောင်ပေါ်တက်ရောက်ခွင့်ကို မနက်ဖြန်ကစပြီး ပိတ်လိုက်တာ”လို့ ပြောပါတယ်။
ပုပ္ပါးတောင်ကလပ်ကို မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ တွေ့ရှိပြီး ချိန်ကစတည်းက စတင်ပိတ်ထားခဲ့ရာက ဇူလိုင် ၁ ရက်က ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ ပြန်ဖွင့်ခဲ့တာပါ။
အခုလက်ရှိ ကိုဗစ်-၁၉ရောဂါ ပြည်တွင်း ကူးစက်မှု ပြန်များလာတဲ့အတွက် တောင်ကလပ်ပေါ် တက်ရောက်ခွင့် ပြန်လည်ရပ်နားလိုက်တာလို့လည်း ဂေါပကအဖွဲ့ထံက သိရပါတယ်။
သတင်း- ကိုလင်း(ချောက်)










