DVB Logo
Home
မြန်မာသတင်း
မဟာအောင်မြေမြို့နယ်တွင် ကွာရန်တင်းစင်တာတစ်ခု ယာယီပိတ်သိမ်း
DVB
·
January 10, 2021
မဟာအောင်မြေမြို့နယ်တွင် ကွာရန်တင်းစင်တာတစ်ခု ယာယီပိတ်သိမ်း
Donate to DVB

ကိုဗစ်-၁၉ ပိုးတွေ့နှုန်း ကျဆင်းလာတာကြောင့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် အ. ထ. က (၂၄) မှာ ဖွင့်လှစ်ထားတဲ့ လူ ၁၅၀ ဆန့် ကွာရန်တင်းစင်တာကို ဇန်နဝါရီ ၉ ရက်နေ့ကစပြီး ယာယီပိတ်သိမ်းထားတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။


မဟာအောင်မြေမြို့နယ်အတွင်း ပိုးတွေ့ရှိနှုန်း ကျဆင်းလာတဲ့အပြင် ကိုဗစ်-၁၉ ကူးစက်မှုကို ထိမ်းချုပ်နိုင်တဲ့အတွက် မြို့နယ်အတွင်းမှာရှိတဲ့ ကွာရန်တင်းစင်တာ နှစ်ခုထဲက တစ်ခုကို ယာယီပိတ်တာလို့ မဟာအောင်မြေမြို့နယ်၊ တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်က ပြောပါတယ်။


"မဟာအောင်မြေမြို့နယ်ထဲမှာက ကွာရန်တင်းစင်တာနှစ်ခုရှိတာဗျ။ ခု (၂၄) ကျောင်းမှာ ဖွင့်ထားတဲ့ ဟာကတော့ ယာယီ ခဏပိတ်လိုက်တဲ့ သဘောပါပဲဗျ။ ကျနော်တို့က မန္တလေးတက္ကသိုလ်ထဲမှာရှိတဲ့ ကုတင် ၆၀၀ မှာတော့ ဆက်လက်ပြီး ဖွင့်ထားလျက်ရှိတယ်ဗျ။ ခုဟာက နည်းနည်းလေး ပိုးတွေ့တာ ထိမ်းချုပ်နိုင်တော့ စင်တာနှစ်ခုနေရာက အရှေ့နဲ့ အနောက်နဲ့ အနောက်ပြင်လည်းဖြစ်နေလို့ တစ်ခုတည်း ပေါင်းလိုက်တဲ့ သဘောပါပဲဗျ။"


ဒါ့အပြင် contact person တွေကိုလည်း ထိမ်းချုပ်ထားနိုင်ပြီ ဖြစ်ပြီး လိုအပ်ပါက ပြန်လည် အသုံးပြုနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။


ဇန်နဝါရီ ၉ ရက်နေ့မှာ စင်တာကနေ ကွာရန်တင်းဝင်နေသူအားလုံး ဆင်းသွားပြီဖြစ်တဲ့အတွက် နောက်ထပ် contact person တွေကို မန္တလေးတက္ကသိုလ်အတွင်းက ကုတင် ၆၀၀ဆန့် ကွာရန်တင်းစင်တာကို ပို့ဆောင်မယ်လို့ သိရပါတယ်။


အခုစင်တာဟာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းက ဖွင့်လှစ်ခဲ့ပြီး မန္တလေးခရိုင်အတွင်းမှာ ပထမဦးဆုံး ယာယီပိတ်လိုက်တဲ့ ကွာရန်တင်းစင်တာလည်း ဖြစ်ပါတယ်။ 


မန္တလေးခရိုင်အတွင်း ခုနစ်မြို့နယ်မှာ  တစ်မြို့နယ်ကို ကွာရန်တင်းစင်တာ နှစ်ခုလောက်ရှိပြီး ကူးစက်မှုကို ထိမ်းချုပ်လို့ ရပြီဆိုတာနဲ့  စင်တာနှစ်ခုကို တစ်ခုတည်းပေါင်းဖို့ လုပ်ဆောင်နိုင်တယ်လို့လည်း ဦးဇော်ဇော်အောင်က ပြောပါတယ်။


ဒီဇင်ဘာလကုန်ပိုင်းကစပြီး မန္တလေးတိုင်းမှာ ကိုဗစ်-၁၉ ကူးစက်မှု ကျဆင်းလာတာကြောင့် ကွာရန်တင်းစင်တာတွေနဲ့ ပေါ့စတစ်လူနာထားရှိရာ နေရာတွေကို ပိတ်သိမ်းတာ၊ ပြန်ပေါင်းတာတွေ လုပ်ဆောင်မယ်လို့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားပါတယ်။


မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဇန်နဝါရီ ၈ ရက်နေ့အထိ ပိုးတွေ့လူနာပေါင်း ၁၄,၆၀၀ နဲ့ သေဆုံးသူ ၃၂၇ ဦး ရှိတယ်လို့ သိရပါတယ်။


ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013