
မြောက်ကိုရီးယားဟာ အဆင့်မြှင့်တင်ထားတဲ့ ၂၄၀ မီလီမီတာ လမ်းညွှန်စနစ်ပါ ဒုံးပစ်လောင်ချာ စမ်းသပ် ပစ်ခတ်မှုကို စက်တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက စက်တင်ဘာ ၂၄ ရက်မှာ ဖော်ပြလိုက်ပါတယ်။
အခုစမ်းသပ်မှုဟာ အလိုအလျောက် တိကျမှုရှိတဲ့ လမ်းညွှန်စနစ်ကို သုံးထားပြီး ပစ်ခတ်မှု အကွာအဝေး ပိုမိုဝေးကွာလာတဲ့ ဒီဒုံးကျည်တွေရဲ့ တိကျမှုနဲ့ သာလွန်ကောင်းမွန်မှုကို သက်သေပြ နိုင်ခဲ့တယ်လို့ KCNA က ပြောပါတယ်။
အဲဒီဒုံးကျည်တွေဟာ ပုံမှန်ပျံသန်းမှုစနစ်နဲ့ဆိုရင် ကီလိုမီတာ ၁၀၀ (၆၂ မိုင်) အကွာအဝေးမှာရှိတဲ့ ပစ်မှတ်တွေကို ထိမှန်အောင် ပစ်ခတ်နိုင်ပြီး လေဟုန်စီးပျံသန်းမှု ပေါင်းစပ်စနစ်နဲ့ဆိုရင် ကီလိုမီတာ ၁၁၅ အကွာအဝေးအထိ သွားရောက်ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
ဒီလို ဒုံးကျည်မျိုးတွေကို တီထွင်လိုက်နိုင်တာဟာ တောင်ဘက်နယ်စပ်တလျှောက် တိုက်ခိုက်ရေး အသင့်ပြင်ဆင်ထားမှုကို သိသိသာသာ အပြောင်းအလဲဖြစ်စေမှာ သေချာတယ်လို့လည်း သတင်းဌာနက ဖော်ပြပါတယ်။
တောင်ဘက်နယ်စပ်ဟာ တောင်ကိုရီးယားနဲ့ ထိစပ်နေတဲ့ နယ်စပ်ကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။
ဒီစမ်းသပ်မှုကို ကြီးကြပ်ခဲ့တဲ့ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဘတ်ဂျောင်ချွန် ကတော့ တောင်ပိုင်း နယ်စပ်မှာ အသေအပျောက် အများဆုံး ဖြစ်စေနိုင်ပြီး ဖျက်ဆီးအား အပြင်းဆုံး တိုက်ခိုက်ရေး တပ်ဖွဲ့တွေကို အာရုံစိုက်ထားဖို့ လိုအပ်ကြောင်း အလေးပေး ပြောဆိုခဲ့တယ်လို့ KCNA သတင်းက ပြောကြားခဲ့ပါတယ်။
Source: Reuters











