DVB Logo
Home
မြန်မာသတင်း
အပစ်အခတ်ရပ်စဲရေးခိုင်မာရေးအတွက် လူထုပါဝင်လာရန်အရေးကြီးကြောင်း KNU ဒုဥက္ကဋ္ဌ ပြော
DVB
·
August 21, 2020
အပစ်အခတ်ရပ်စဲရေးခိုင်မာရေးအတွက် လူထုပါဝင်လာရန်အရေးကြီးကြောင်း KNU ဒုဥက္ကဋ္ဌ ပြော
Donate to DVB

အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့ ဆွေးနွေးရာမှာ စစ်ပွဲကြောင့် အမှန်တစ်ကယ်ခံစားနေရတဲ့ လူထုရဲ့အသံနဲ့ လူထုပါဝင်လာဖို့က အရေးကြီးတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“လူထုပါဝင်လာခြင်းအားဖြင့် လူထုရဲ့ပါဝင်မှု လူထုကသူအားနဲ့သူဆန္ဒ ဖော်ထုတ်နေတာပဲ။  တကယ်အုပ်ချုပ် မင်းမူနေတဲ့လူ သက်ဆိုင်ရာတာဝန်ရှိတဲ့သူက နားလည်မှုရှိလို့ရှိရင် လိုအပ်ချက်တွေ လုပ်လို့ရမယ်။ အခု လော‌လောဆယ်ကျတော့ ခုနကကျနော်ပြောသလိုပဲ  သူတို့ပါဝင်လာမှုက အရေးကြီးတယ်” လို့ ပဒိုစောကွယ်ထူးဝင်းက DVB ကို ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် NCA အစည်းအဝေး မတိုင်မှာ တစိုက်မတ်မတ်  အကောင်အထည်ဖော် ဆွေးနွေးခဲ့သလို အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့အတွက် အပစ်ရပ်နယ်မြေ တွေမှာ တပ်နေရာချထားရေးကိစ္စ၊ လက်နက်ကိုင်ပဋိပက္ခမဖြစ်ရေး သတ်မှတ်ချက်တွေ သတ်သတ်မှတ်မှတ် မရှိတဲ့အပေါ် တဖက်နဲ့တဖက် အမှားအယွင်းတွေရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြေပြင်မှာခံစားနေရတဲ့ ဒေသခံပြည်သူတွေရဲ့ အသံတွေကို နားထောင်ပြီး စစ်ပွဲတွေ အမြန်ဆုံး ရပ်တန့်ပေးဖို့နဲ့ ငြိမ်းချမ်းရေးအမြန်ရရှိအောင် ထည့်သွင်းဆွေးနွေးပေးဖို့ စစ်ရှောင်ပြည်သူတွေက  တောင်းဆိုနေတာလည်း ရှိပါတယ်။

လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေဟာ နိုင်ငံတော်ကို ဆန့်ကျင်နေတာဖြစ်ပြီး တက်လာတဲ့အစိုးရတွေကို ဆန့်ကျင်နေတဲ့အတွက် တပ်မတော်က ကာကွယ်ပေးနေတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ဩဂုတ်လ ၁၉ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် ဆွေနွေးပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နိုင်ငံတော်ကို ဆန့်ကျင်နေတာ ဖြစ်တယ်။ တက်လာတဲ့အစိုးရတွေကို ဆန့်ကျင်နေတာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံတော်နဲ့အစိုးရတိုင်းကို တပ်မတော်က ကာကွယ်ပေးနေတယ်ဆိုတာ ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ဓမ္မဓိဌာန်ကျကျ လေ့လာကြည့်ရင် တွေ့နိုင်တယ်”လို့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ဆက်ပြောပါတယ်။

တိုင်းရင်းသားတွေဟာ မလွှဲမရှောင် အခြေအနေအရ ရောက်နေတဲ့အတွက် လက်နက်ကိုင် လာရတာလို့ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာက နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် ဆွေနွေးပွဲအပြီးမှာ သတင်းမီဒီယာသမားတွေကို ပြောဆိုခဲ့တာပါ။

“အမှန်က ကျနော်တို့ အခွင့်အရေးဆုံးလို့ ဒီမိုကရေစီနည်းအရ တင်ပြတာကို  မဖြေရှင်းဘဲနဲ့ လက်နက်အားကိုးနဲ့ ကျနော်တို့ကို အရေးယူလာလို့ ကျနော်တို့ မလွှဲမ‌ရှောင်လို့သာ တိုင်းရင်းသားတွေက လက်နက်ကိုင်လာရတာ ဖြစ်တယ်။”

လတ်တလောမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ AA (ရက္ခိုင့်တပ်မတော်) ရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ရခိုင်စစ်ဘေးရှောင်ပြည်သူ ၂ သိန်းနီးပါး ရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး (REC)ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ချင်းပြည်နယ်အတွင်းမှာလည်း တပ်မတော်နဲ့ AA တပ်အကြား တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၁၈,၀၀၀ ကျော်ရှိတယ်လို့  ချင်းစစ်ဘေးရှောင်ပြည်သူများအရေးပေါ် ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေး ကော်မတီ (RRCCI) ထုတ်ပြန်ချက်အရ သိရပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013