
ကိုဗစ်-၁၉ လူနာအမှတ် ၃၇၅ နဲ့ ထိတွေခဲ့တဲ့ စစ်တွေမြို့က ၅၁ ဦးနဲ့ ကျောက်ဖြူမြို့က ၃၃ ဦးစုစုပေါင်း ၈၄ ဦးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တို့ကို ဓာတ်ခွဲစစ်ဆေးရာမှာ အားလုံးရောဂါပိုးမတွေ့ရှိရဘူးလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့မနက် သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် သူနဲ့ ထိတွေ့ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့က ၁၁ ဦးကိုလည်း ဆက်လက်စစ်ဆေးသွားမယ်လို့ ရခိုင်ပြည်နယ်ကျန်းမာရေးဌာနကနေ သိရပါတယ်။
ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က "ဟုတ်ပါတယ်။ စစ်တွေက ၅၁ ဦးနဲ့ ကျောက်ဖြူ ၃၃ ဦးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်ကို မနေ့က ပို့လိုက်တယ်။ ဒီနေ့အဖြေသိရတယ်။ အားလုံး Negative ပြပါတယ်။ ဒီနေ့မှာတော့ ပုဏ္ဏားကျွန်းက ၁၁ ဦးရဲ့ နှာခေါင်းနဲ့အာခေါင်တို့ဖတ် ပို့ဖို့စီစဉ်နေပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
လူနာအမှတ် ၃၇၅ ဟာ ကျောက်ဖြူနဲ့ ပုဏ္ဏားကျွန်းသို့ ဘုရားဖူးသွားရင်း ဆွေမျိုးတွေရှိရာ ပုဏ္ဏားကျွန်းမြို့တဘက်ကမ်းရှိ ရေပေါက်ချောင်းကျေးရွာသို့ အလည်အပတ် သွားရောက်ခဲ့တာကြောင့် သူနဲ့ထိတွေ့ခဲ့တဲ့ ဆွေမျိုး ၁၁ ဦးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးဖို့ ရှိနေတာပါ။
ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့ရှိ အထင်ကရ ဘုရားတွေကို သွားရောက်ခဲ့တဲ့အတွက် သူနဲ့ ထိတွေ့ခဲ့သူတွေ များစွာရှိနိုင်တယ်လို့ ပုဏ္ဏားကျွန်းမြို့နေ ဒေသခံတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နေ ကိုဖြူသိန်းမောင်က "ဥရာဇ်တောင်ဘုရားကိုသွားတယ်။ ဓာတ်လှေကားနဲ့တက်ရမယ်။ ဂူဝဘုရားကိုသွားမယ် ထိတွေမှုတွေကအနည်းနဲ့ အများကျန်နေနိုင်ပါသေးတယ်။ တကယ်စိုးရိမ်စရာပါ။ ထိတွေခဲ့သူတွေကလည်း သူမကို ဘယ်သူဘယ်ဝါမသိတော့ သူနဲ့ ထိတွေခဲ့သလားဆိုတာ မှတ်မိဖို့မလွယ်ဘူးဗျ။"လို့ ပြောပါတယ်။
စစ်တွေမြို့က စီဘီဘဏ်ဝန်ထမ်း အမျိုးသမီးဖြစ်တဲ့ လူနာအမှတ် ၃၇၅ ဟာ ရခိုင်ပြည်နယ်မှာ ပြည်ပကိုခရီးသွားရာဇဝင်မရှိဘဲ ဒုတိယမြောက်ကူးစက်ခံရသူ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ သံတွဲမှာ ၁ ဦး ၊ တောင်ကုတ်မှာ ၁ ဦး၊ စစ်တွေမှာ ၁ ဦး ၊ ဘူးသီးတောင်မှာ ၄ ဦး၊ မောင်တောမှာ ၈ ဦးနဲ့ ကျောက်တော်မှာ ၁ ဦး စုစုပေါင်း ၁၆ ဦးရှိခဲ့ပြီး အားလုံးရောဂါကင်းစင်နေကောင်းသွားပြီဖြစ်လို့ ဆေးရုံမှ ဆင်းသွားကြပြီ ဖြစ်ပါတယ်။
သတင်း-လင်းလက်










