DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့က ကိုဗစ်-၁၉ လူနာအမှတ် ၃၇၅ နှင့်ထိတွေ့ခဲ့သူ  ၈၄ ဦးကို ဓာတ်ခွဲနမူနာယူ စစ်ဆေးနေ 
DVB
·
August 18, 2020
စစ်တွေမြို့က ကိုဗစ်-၁၉ လူနာအမှတ် ၃၇၅ နှင့်ထိတွေ့ခဲ့သူ  ၈၄ ဦးကို ဓာတ်ခွဲနမူနာယူ စစ်ဆေးနေ 
Donate to DVB

စစ်တွေမြို့က ကိုဗစ်-၁၉ လူနာအမှတ် ၃၇၅နဲ့  ထိတွေ့မှုရှိခဲ့သူ စစ်တွေမြို့မှ ၅၁ ဦးနဲ့  ကျောက်ဖြူမြို့မှ ၃၃ ဦး၊ စုစုပေါင်း ၈၄ ဦးထံမှ ဓာတ်ခွဲနမူနာတွေ ရယူစစ်ဆေးနေတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါလူနာဟာ စစ်တွေမြို့ရှိ CB-ဘဏ်ခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတဦးဖြစ်ပြီး  ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နဲ့  ပုဏ္ဏားကျွန်းမြို့နယ်တွေကို ခရီးသွားခဲ့သူဖြစ်တယ်လို့  ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က "သူမက ဇူလိုင်လ ၃၁ ရက်နေ့မှာ ကျောက်ဖြူကိုသွားတယ်။ သြဂုတ်လ ၂ ရက်နေ့မှာစစ်တွေကို ပြန်လာတယ်။ ၃ ရက်နေ့မှာ ပုဏ္ဏားကျွန်းကို ဘုရားဖူးသွားတယ်။ ၄ ရက်နေ့မှာ အလုပ်ပြန်ဆင်းတယ်။ သူက CB-ဘဏ်ဝန်းထမ်းဖြစ်တယ်။ ဘဏ်ကဝန်ထမ်းအားလုံးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်ယူပြီး Facility Quarantine ထားထားတယ်။ ဘဏ်ပိတ်ခိုင်းထားတယ်။ သူ့အိမ်မှာ လူ ၁၉ ဦးရှိတယ်။ သူတို့ကိုလည်း  Facility Quarantine ထားပြီး သူတို့ကိုစစ်ဆေးသွားမယ်။ နောက် ကျောက်ဖြူနဲ့ ပုဏ္ဏားကျွန်းမှာ ထိတွေ့ခဲ့သူတွေကို လည်းစုံးစမ်းနေတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါလူနာဟာ သြဂုတ် ၁၂ ရက်ကစပြီး  ဖျားတာ၊ နှာစေးတာ၊ အနံ့မရတာ စတဲ့ လက္ခဏာ တွေ ဖြစ်ပေါ်နေလို့  ဆေးခန်းသွားပြရာမှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေ့ရလို့ သူ့ကို  စစ်တွေဆေးရုံမှာ သံသယလူနာအဖြစ် Facility Quarantine ထားရှိခဲ့တာပါ။

သူ့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တို့ကိုယူပြီး ဓာတ်ခွဲစစ်ဆေးဖို့ ရန်ကုန်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပိုဆောင်ခဲ့ရာ သြဂုတ်လ ၁၆ ရက်နေ့က ကိုဗစ်-၁၉ ရောဂါတွေ့ရှိကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

လူနာအမှတ် ၃၇၅ ဟာ စစ်တွေမြို့ ဓညဝတီ(ခ)ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး လတ်တလော အိမ်သားတွေအားလုံးကို  Facility Quarantine  ထားရှိတယ်လို့ သိရပါတယ်။

လူနာရဲ့ ဖခင်ဖြစ်သူ ဦးဖြူမောင်သိန်းက"ကျနော့်သမီးက ဘဏ်ကဝန်ထမ်းအဖွဲ့နဲ့ ကျောက်ဖြူကို နှစ်ညအိပ် ၃ ရက်သွားခဲ့တယ်။ ပုဏ္ဏားကျွန်းကို သွားခဲ့တာတော့ မသိလိုက်ပါဘူး။ ကျနေ့မိန်းမရဲ့ အစ်မမှာ သားတစ်ဦး ဗိုက်ခွဲရလို့ ပုဏ္ဏားကျွန်းက ဆွေမျိုးတွေ သတင်းမေးဖို့ရောက်နေကြတယ်။ အားလုံး အိမ်ငှားနေတဲ့ သတင်းထောက် ၁ ဦးအပါအဝင် လူ ၁၉ ဦးရှိတယ်။ ဖျားနာတဲ့သူတစ်ဦးမှ မရှိပါဘူး။ မနက်က ကျန်းမာရေးဌာနက နှာခေါင်းနဲ့ အာခေါင် တို့ဖတ်တွေယူသွားကြပါပြီ။ ပထမတော့ တိုင်းရင်းဆေးရုံကိုပို့မယ်လိုပြောတယ်။ ကျနော်တို့က  မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြောပြထားတယ်။ လူများတော့ စားသောက်ရေးအခက်အခဲဖြစ်မယ်။ မိမိနေအိမ်မှာပဲ  Facility Quarantine နေထိုင်ဖို့ပြောထားတယ်"လို့​ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ စစ်တွေမြို့မှာရှိတဲ့ စီဘီဘဏ်ကို ၂ ရက်ယာယီပိတ်ထားပြီး ဘဏ်ဝန်ထမ်းတွေကို အသွားအလာကန့်သတ်ထားသလို့ အဆိုပါလူနာ ခရီးသွားစဉ် တည်းခိုနေထိုင်ခဲ့တဲ့ ကျောက်ဖြူမြို့က မြနန်းတော် တည်းခိုခန်းကိုလည်း ပိုးသတ်ဆေးဖြန်းတာတွေပြုလုပ်နေပါတယ်။

လူနာအမှတ် ၃၇၅ ဟာ ရခိုင်ပြည်နယ်မှာ ပြည်ပကိုခရီးသွားရာဇဝင်မရှိဘဲ ကိုဗစ်-၁၉ ရောဂါ ဒုတိယမြောက်ကူးစက်ခံရသူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013