DVB Logo
Home
မြန်မာသတင်း
တေးသံရှင် စည်သူလွင် FG Live Lounge အွန်လိုင်းဂီတဖျော်ဖြေပွဲ ဩဂုတ် ၁၅ ကျင်းပမည်
DVB
·
August 12, 2020
တေးသံရှင် စည်သူလွင် FG Live Lounge အွန်လိုင်းဂီတဖျော်ဖြေပွဲ ဩဂုတ် ၁၅ ကျင်းပမည်
Donate to DVB

နာမည်ကြီး တေးသံရှင်တယောက်ဖြစ်တဲ့ စည်သူလွင် တကိုယ်တော်သီဆိုဖျော်ဖြေ မယ့် FG Live Lounge အွန်လိုင်းဂီတဖျော်ဖြေပွဲကို လာမယ့် ဩဂုတ်လ ၁၅ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိ နေပါတယ်။

FG Live Lounge အမည်နဲ့ တေးဂီတ ဖျော်ဖြေပွဲတွေကိုတော့ ပြီးခဲ့တဲ့နှစ်က စတင်ကာ အပတ်စဉ်စနေနေ့တိုင်း နာမည်ကြီးတေးသံရှင်တွေနဲ့ ဖျော်ဖြေပွဲအဖြစ် ရန်ကုန်မြို့ ဝေဇယန္တာလမ်းမပေါ်က ရေကူးစတူဒီယိုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ အားပေးလက်ခံမှုတွေ ရရှိခဲ့တဲ့ ဖျော်ဖြေပွဲ ဖြစ်ခဲ့တာပါ။

အခုနှစ် Season 2 မှာတော့ ကိုဗစ်-၁၉ အန္တရာယ်ကြောင့်မို့ ပွဲကျင်းပဖို့ အဆင်မပြေတော့ဘဲ အခပေးရုပ်သံလိုင်းတခုဖြစ်တဲ့  Canal+Gita ရုပ်သံလိုင်းကနေ ထုတ်လွှင့်တဲ့ ပုံစံပြောင်းလဲခဲ့ရတာ ဖြစ်ပါတယ်။

Season 2 ရဲ့ ပထမဆုံးသော ဖျော်ဖြေပွဲကိုတော့ ဂီတညီအစ်ကို ၂ ယောက်ဖြစ်တဲ့ ဂျေမောင်မောင်နဲ့ ဂျေညီညီတို့ရဲ့ ဖျော်ဖြေပွဲနဲ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ စတင်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ သာဒီးလူရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ကာ ဩဂုတ်လ ၁ ရက်နေ့မှာတော့ Wanted အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့တုန်းကတော့ အမျိုးသမီး တေးသံရှင် ဆုန်သင်းပါရ်ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့တာမို့ ခုတပတ်မှာတော့ သီတင်းပတ် ၅ ပတ်တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၄၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ စည်သူလွင်ဟာ နာမည်ကျော် ကာတွန်းဆရာကြီး ငွေကြည်ရဲ့ ရင်သွေးတဦးလည်းဖြစ်ကာ ပညာသားပါပါ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုလေ့ရှိတဲ့ အဆိုတော်တယောက်အနေနဲ့ ပရိသတ်တွေ သိကြပါတယ်။

ငယ်စဉ်ကတည်းက ရပ်ကွက်တွင်း ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုရင်း ဂီတဝါသနာကြီးတဲ့ စည်သူလွင်ဟာ ဆယ်တန်းအောင်မြင်ပြီးချိန် ၁၉၉၃ ခုနှစ်က ဦးစောနု သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာကတဆင့် ဂီတလောကထဲ ရောက်ရှိလာခဲ့သူပါ။ အဲဒီပြိုင်ပွဲမှာတော့ စည်သူလွင်နဲ့အတူ တင်ဇာမော်ကလည်း အမျိုးသမီးတေးသံရှင် ပထမဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

၁၉၉၅ ခုနှစ်မှာတော့ သူ့ရဲ့ ပထမဆုံးသော တကိုယ်တော်တေးအယ်လ်ဘမ် “ချစ်သူများရဲ့နေ့” ထွက်ရှိခဲ့ပြီး အောင်မြင်တဲ့ တေးသံရှင်တယောက် ဖြစ်လာခဲ့တာပါ။

နောက်ပိုင်းမှာတော့ ဆက်တိုက်ဆိုသလို “အလင်းလက်ဆုံး” ၊ “အကောင်းဆုံး တေးများ” ၊ “လူနှင့်ဒိုင်ယာရီ” ၊ “နွေဦးကဗျာ” ၊ “ညအပြင်းစား” စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပြင် တခြားအဆိုတော်တွေနဲ့ အတွဲသီချင်းအယ်လ်ဘမ်တွေပေါင်း များ စွာမှာ ပါဝင်သီဆိုခဲ့ပါတယ်။

ဂီတလောကမှာ ဆယ်စုနှစ်နဲ့ချီ ဖြတ်သန်းလာခဲ့တဲ့ စည်သူလွင်ရဲ့ ပထမဆုံးသော တကိုယ်တော်ရှိုးပွဲကိုတော့ ၂၀၁၄ ခုနှစ်မှာ အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ တင်ဇာမော်နဲ့ တွဲဖက်ကာ "Beyond the 21st Duet Live" အမည်နဲ့ ရှိုးပွဲကလည်း ပရိသတ်တွေ အားပေးလက်ခံမှုတွေ အများကြီး ရရှိခဲ့တဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ ‘A Part Of Me’ အမည်နဲ့ သူ့ရဲ့ တကိုယ်တော်ဂီတဖျော်ဖြေပွဲကို ကျင်းပပြုလုပ်နိုင်ခဲ့ပြန်ပါတယ်။

အခုလာမယ့် စနေနေ့ည ၉ နာရီတိတိမှာ ကျင်းပသွားမယ့် ဒီဖျော်ဖြေပွဲမှာရော စည်သူလွင်က ဘယ်လိုသီချင်းကောင်းတွေနဲ့ တင်ဆက်သွားဦးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဒီပွဲမှာတော့ စည်သူလွင်ရဲ့ ပရိသတ်တွေအနေနဲ့ သူ့ကို အားပေးချင်တဲ့ စကားတွေ၊ တောင်းဆိုချင်တဲ့သီချင်းတွေ၊ ပြောချင်တဲ့စကားတွေရှိရင် ကိုယ်တိုင် video ရိုက်ပြီး တောင်းဆိုနိုင်ကြောင်းနဲ့ ဒီအမှတ်တရ ဗီဒီယိုတွေကိုလည်း ဖျော်ဖြေပွဲနေ့မှာ ထုတ်လွှင့် ပြသသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013