ကျောက်ဖြူခရိုင်တွင် တပ်တွင်းမဲရုံမထားဟု ခရိုင်ရွေးကောက်ပွဲကော်မရှင် ပြော
DVB
·
August 10, 2020
နိုဝင်ဘာ ၈ ရက်နေ့ကျင်းပမယ့် ပါတီစုံအထွေထွေရွေးပွဲမှာ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူ မြို့နယ်နဲ့ အမ်းမြို့နယ်တွေက တပ်ရင်းတွေမှာ မဲရုံတွေကို တပ်တွင်းမထားဘဲ တပ်ပြင်ပမှာ ထားရှိဖို့ စီစဉ်ထားတယ်လို့ ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေကလို တပ်ပြင်ပရှိ နီးစပ်ရာစာသင်ကျောင်းတွေမှာထားပြီး တပ်မတော်သားတွေနဲ့ တပ်မိသားစုဝင်တွေ လာရောက်မဲပေးနိုင်အောင် စီစဉ်ထားတယ်လို့ ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးဌေးအောင်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။
“တပ်တွင်းမဲရုံမရှိပါဘူး။ ဟိုးအရင်ကတည်းက ၃၄ တပ်တို့ဆိုရင်လည်း တပ်ရှေ့ကစ ာသင်ကျောင်းတွေမှာ ပေးတာ။ ၅၄၂၊ ၅၄၃ တပ်တွေဆိုရင်လည်း တပ်နဲ့နီးတဲ့ စာသင်ကျောင်းတွေမှာ မဲရုံတွေ ဖွင့်လှစ်ပေးထားတယ်ပေါ့၊ အဲဒီမှာလာပြီးတော့ ပေးကြတာပါ။ အခုလည်းအဲဒီလိုပဲလုပ်ထားတယ်၊ တပ်တွင်းမှာတော့လုံးဝမရှိပါဘူး။ အမ်းမြို့နယ်တို့မှာလည်း မရှိပါဘူး၊ သူတို့က ရပ်ကျေးနဲ့ပေါင်းပေးတာတွေရှိတယ်၊ သူတို့ဟာသူတို့ သပ်သပ် တပ်ရှေ့မှာရှိတဲ့ဟာတွေ ရှိတယ်၊ သီးခြားတော့ တပ်ထဲမှာ လုပ်ထားတာတော့မရှိပါဘူး။”
ကျောက်ဖြူခရိုင်မှာ တပ်မတော်သားတွေနဲ့ တပ်မိသားစုဝင်တွေအပါအဝင် မဲဆန္ဒရှင်စုစုပေါင်း ၃ သိန်းကျော်ရှိပြီး တပ်သီးသန့်မဲစာရင်းထုတ်ပြန်တာမရှိဘဲ သက်ဆိုင် ရာရပ်ကျေးတွေမှာ ပါဝင်ပြီးဖြစ်တယ်လို့ ဦးဌေးအောင်ခိုင်က ပြောပါတယ်။
ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ်မှာ တပ်မဲရုံ ၃ ရုံနဲ့ အမ်းမြို့နယ်မှာ တပ်မဲရုံ ၆ ရုံ၊ တပ်မဲရုံစုစုပေါင်း ၉ ရုံရှိပြီး အမှတ် ၃၂ ရဲတပ်ရင်းခွဲအတွက် သက်ဆိုင်ရာကျေးရွာအုပ်စုရှိ စာသင်ကျောင်းတွေမှာ မဲရုံထားရှိထားတယ်လို့ ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။
နောင်နောင်