DVB Logo
Home
မြန်မာသတင်း
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ၂၉ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်  
DVB
·
July 28, 2020
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ၂၉ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်  
Donate to DVB

ကရင်ပြည်နယ်အခြေစိုက် ကရင်ပါတီတခုဖြစ်တဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) က လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်  ကိုယ်စားလှယ်လောင်း ၂၉ ဦးရဲ့စာရင်းကို ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ် အခြေစိုက်ပါတီဖြစ်တဲ့အလျှောက် ကရင်ပြည်နယ်က သံတောင်ကြီး မြို့နယ်ကလွဲပြီး  ၆ မြို့နယ်လုံး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ၂၉ နေရာဝင်မယ်။ ကရင်ပြည်နယ်ထဲမှာရှိတဲ့ ၇ မြို့နယ်အနက် သံတောင်ကြီး မြို့နယ်ကို ဖယ်လိုက်ပြီးတော့ ကျန်တဲ့မြို့နယ်တွေအားလုံးဝင်မယ်။ အခုလောလောဆယ်အထိတော့ ကရင်ပြည်နယ်ပဲ စီစဉ်ထားတယ်။ အခြားနီးစပ်ရာ မွန်တို့ဘာတို့ နဂိုတုန်းကစဉ်းစားပေမယ့် အခု အခြေအနေမပေးလောက်တော့ ဘူးလို့ပြောရတော့မှာပေါ့။ မရှိတော့ဘူးပေါ့။

ကရင်ပြည်နယ်အခြေစိုက်ကရင်ပါတီတခုဖြစ်တဲ့ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ အနေနဲ့ က တော့ လာမယ့်ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်းဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်တဲ့အတွက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ အဓိက ပြိုင်ဘက်က ပါတီကြီးတွေဖြစ်တဲ့ အန်အယ်လ်ဒီပါတီနဲ့ ကြံ့ခိုင်ရေးပါတီတွေသာဖြစ်တယ်လို့ ပြောပါတယ်။

“ပါတီကြီးနှစ်ခုပဲ ရှိပါတယ်။ အန်အယ်လ်ဒီနဲ့ ပြည်ခိုင်ဖြိုးပါတီပဲဖြစ်ပါတယ်။ အဲဒီမှာ ကြည့်မယ်ဆိုရင်တော့ အန်အယ်လ်ဒီက ကျနော်တို့ရဲ့ ပြိုင်ရခက်ခဲမယ့်ပြိုင်ဘက်ပေါ့လေ။ သို့ပေမယ့်လည်း ကျနော်တို့ကတော့ ဒီတပွဲကတော့ ပွဲကြီးပွဲကောင်းလို့ပဲ ပြောရမှာပေါ့။ ”

ဒါ့အပြင် ပြည်မအခြေစိုက်ပါတီတွေဖြစ်တဲ့ ကရင်ပြည်သူ့ပါတီ (KPP) နဲ့ ကရင်အမျိုးသား ပါတီ (KNP) တို့ကလည်း ကရင်ပြည်နယ်အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှု သိပ်မရှိသလို နယ်မြေမထပ်အောင် ညှိနှိုင်းထားတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့တိုင်းရင်းသားတွေဟာ ကျနော်တို့နေတဲ့ ကိုယ့်ပြည်နယ် ကိုယ့်တိုင်းရင်းသားမှာ ကိုယ်ပဲစံမံအုပ်ချုပ်ချင်တယ်။ ကိုယ့်ကြမ္မာကိုယ်ပဲ ဖန်တီးချင်တယ်။ တန်းတူဖို့၊ လွတ်လပ်ဖို့၊ ညီမျှဖို့ဆိုတဲ့ဟာကို ကျနော်တို့က လိုချင်တယ်။ ဒါကြောင့်မို့လို့ အခုအနေအထားအရ အဲဒီမျှော်မှန်းချက်တွေ မရလောက်သေးသည့်အတွက် မျှော်မှန်းချက်တွေ ပြည့်စုံနိုင်အောင်လို့ ကျနော်တို့ ကြိုးစားပြီးတော့ အနိုင်ရအောင် ကြိုးစားပြီးဝင်ရောက်လိုခြင်းဖြစ်ပါတယ်။ ”

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအပါအဝင် တခြားပြည်နယ်နဲ့တိုင်းက တိုင်းရင်းသား ပါတီတွေအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရင် အစိုးရဖွဲ့နိုင်မှာမဟုတ်ပေမဲ့ ညွန့်ပေါင်း အစိုးရအနေနဲ့  မိမိဒေသ မိမိလိုလားတဲ့ ပြည်နယ်အုပ်ချုပ်သူကို ရွေးချယ်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။

“ဒါကကျနော်တို့ ကရင်ကြီးပဲမဟုတ်ဘူး။ တိုင်းရင်းသားအားလုံးနိုင်ရင်တောင် အစိုးရ မဖွဲ့ နိုင်ဘူး။ အစိုးရမဖွဲ့နိုင်ဘူးဆိုတာ ကရင်ပြည်နယ်ထဲမှာပြောတာ မဟုတ်ဘူး။ ပြည်ထောင်စု အဆင့်မှာ ပြောတာ။ သို့ပေမဲ့ အစိုးရဖွဲ့နိုင်တဲ့အနေအထားတခုက ကျနော်တို့ကလည်း လောက်လောက်လားလားနိုင်သွားတယ်၊ နောက်ဟိုဘက် ပါတီကြီးတွေကလည်း အပြည့်အစုံနိုင်ပြီး ကျနော်တို့ကို ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ပြီဆိုရင်တော့  ကျနော်တို့ ဒါ သဘောတူညီမှုတွေ ရယူပြီးတော့ ကိုယ့်ပြည်နယ်မှာ ကိုယ်ပဲဝန်ကြီးချုပ်ဖြစ်မယ်၊ ကိုယ့်ဝန်ကြီးတွေကို ကိုယ်ရွေးမယ်ဆိုတဲ့ အ နေအထား ကတော့ အဲဒါကို ကျနော်တို့ မျှော်လင့်ထားပါတယ်။ ”

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဟာ  ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီနဲ့  စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတို့ ပူးပေါင်း တည်ထောင်ထားတဲ့ ပါတီဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013