
ဇူလိုင် ၂၄ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁၄၂ ခုအား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က စစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ မတွေ့ရှိခဲ့ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
မနေ့ညက ပထမအသုတ် ဓာတ်ခွဲနမူနာ ၁,၃၂၉ စစ်ဆေးရာမှာတော့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံက ပြန်လာသူ ၃ ဦးမှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့ပါတယ်။
လူနာသစ် ၃ ဦးကတော့ အိန္ဒိယနိုင်ငံက ပြန်လာတဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်က အမျိုးသား ၂ ဦးနဲ့ ထိုင်းနိုင်ငံက ပြန်လာတဲ့ ကရင်ပြည်နယ် မြဝတီမြို့နေ အသက် ၃၂ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ဖြစ်ကြပြီး အသွားအလာကန့်သတ် စောင့်ကြပ်ခံထားရသူတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၂၈၆ ဦးနဲ့ ဒီအထဲက ၂၆၉ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆ သန်းနီးပါး၊ သေဆုံးသူ ၆၄၀၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၉ ဒသ ၇ သန်းကျော် ရှိပြီလို့ သိရပါတယ်။










