DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်းကို ပြန်လည်ဆောင်ရွက်ရန် ကြံ့ခိုင်ရေးအမတ် အကြံပြုတိုက်တွန်း
DVB
·
July 24, 2020
မြစ်ဆုံစီမံကိန်းကို ပြန်လည်ဆောင်ရွက်ရန် ကြံ့ခိုင်ရေးအမတ် အကြံပြုတိုက်တွန်း
Donate to DVB

ကချင်ပြည်နယ်ရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို အစိုးရအချင်းချင်းညှိနှိုင်းပြီး ရေရှည်အတွက် ပေါင်းစပ်ဆောင်ရွက်ဖို့အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ် ဦးကျော်နီနိုင်က အကြံပြုဆွေးနွေးလိုက်ပါတယ်။

ဇူလိုင် ၂၄ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကျေးလက်ဒေသလျှပ်စစ်ဓါတ်အားရရှိမှုမြှင့်တင်ရေး စီမံကိန်းအကောင်အထည်ဖော်နိုင်ဖို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ထံကနေ ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၂၇ သန်း ရယူဖို့နဲ့ပတ်သက်ပြီးလွှတ်တော်အမတ် ၁၁ ဦးက ပါဝင်ဆွေးနွေးခဲ့ကြတာပါ။ 

ဒီလိုဆွေးနွေးရာမှာ ဦးကျော်နီနိုင်က “ ယခုချေးငွေနဲ့ ဒီစီမံကိန်းအောင်မြင်ပြီးဆုံးချိန်မှာ လျှပ်စစ်ဓါတ်အားဖြည့်ဆည်းပေးနိုင်ရေးနဲ့ တိုင်းပြည်၏ တည်ငြိမ်အေးချမ်းရေးအတွက် အဓိကအရေးပါလှတဲ့ ကျနော်တို့ ပြည်သူများ၏ စိုးရိမ်ကန့်ကွက်မှုကြောင့် ၂၀၁၁ နှစ်ကုန်ပိုင်းမှာ ရပ်နားခဲ့ရတဲ့ မဂ္ဂါဝပ် ၆၀၀၀ ထွက်ရှိမယ့် မြစ်ဆုံစီမံကိန်းကြီးကို အစိုးရအချင်းချင်းညှိနှိုင်းပြီး ရေရှည်အကျိုးစီးပွားအတွက် ပေါင်းစပ်ဆောင်ရွက်သင့်ကြောင်း အကြံပြုတင်ပြလိုပါတယ်”လို့ လွှတ်တော်မှာ ပြောပါတယ်။

ဦးကျော်နီနိုင်အနေနဲ့မြစ်ဆုံစီမံကိန်းရဲ့ ကန်တမံအမြင့်ကို လျှော့ချပြီး မဂ္ဂါဝပ် ၆၀၀၀ အစား ၄၀၀၀ ကို လျှော့ချထုတ်လုပ်မှုကို ခွင့်ပြုပေးဖို့ လည်း ဆွေးနွေးပါတယ်။

“ မဂ္ဂါဝပ် ၆၀၀၀ အစား မဂ္ဂါဝပ် ၄၀၀၀ ဆောင်ရွက်ခွင့်ပြုမယ်ဆိုပါက ၎င်းနဲ့ဆပ်စပ်တဲ့ စီမံကိန်းများဖြစ်ကြတဲ့ လိုင်ဇာ၊ ချီဖွေ၊ ဝဆုတ်၊ ဖီဆာ၊ ခေါင်လန်ဖူး၊ ရီနန်စတဲ့ စီမံကိန်းတွေက မဂ္ဂါဝပ် ၂၁၀၀၀နဲ့ သံလွင်မြစ်ပေါ်မှာရှိတဲ့ စီမံကိန်းများ ဖြစ်ကြတဲ့ ကွမ်းလုံ၊ နောင်ဖ၊ မိုင်းတုံ၊ မန်းတောင်၊ ရွာသစ်၊ စက်ကြီးစီမံကိန်းတွေက မဂ္ဂါဝပ် ၁၅၀၁၀ ထွက်ရှိမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ရေအားလျှပ်စစ်မဂ္ဂါဝပ် ၄၈၅၀၀ ထုတ်လုပ်နိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ် ” လို့လည်း ဦးကျော်နီနိုင်က ပြောပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ထံကနေ အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၂၇ သန်းချေးယူပြီး ဆောင်ရွက်မယ့် ကျေးလက်ဒေသလျှပ်စစ်ဓာတ်အားရရှိမှုမြှင့်တင်ရေးစီမံကိန်းကို ၂၀၂၁ ကနေ ၂၀၂၇ အထိဆောင်ရွက်မှာဖြစ်ပြီး ချေးငွေဆိုင်ရာ စည်းကမ်းချက်တွေအရ ဆိုင်းငံ့ကာလ ၈နှစ်၊ပြန်ဆပ်ကာလ ၂၄ နှစ် နဲ့ စုစုပေါင်း ၃၂ နှစ် ဖြစ်ပါတယ်။

ဒီချေးငွေရယူမှုနဲ့ လွှတ်တော်အမတ်တွေရဲ့ ဆွေးနွေးမှုတွေအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်တွေရဲ့ ပြန်လည်ရှင်းလင်းမှုကိုတော့ ဇူလိုင်လ ၂၈ ရက်မှာ ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအတွင်း ဆောင်ရွက်ဖို့ လျာထားပါတယ်။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013