DVB Logo
Home
မြန်မာသတင်း
စားသောက်ကုန်နှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ဝင် မြန်မာလုပ်သားများ ထိုင်းသို့ ဝင်ရောက်ခွင့်ပြု
DVB
·
July 24, 2020
စားသောက်ကုန်နှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ဝင် မြန်မာလုပ်သားများ ထိုင်းသို့ ဝင်ရောက်ခွင့်ပြု
Donate to DVB

ထိုင်းနိုင်ငံကို ဝင်ရောက်ခွင့်ပြုတဲ့ နိုင်ငံခြားသား အုပ်စုအမျိုးအစား ၄ စုစာရင်းကို ကိုဗစ်-၁၉ အခြေအနေစီမံကွပ်ကဲ ရေးစင်တာ(စီစီအက်စ်အေ)ကထုတ်ပြန်လိုက်ရာမှာ စားသောက်ကုန်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်ကြမယ့် မြန်မာရွေ့ပြောင်း လုပ်သားတွေလည်း ပါဝင်နေပါတယ်။

လတ်တလော ကိုဗစ်ကပ်ဘေးကာလမှာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုမယ့် နိုင်ငံခြားသားတွေကို ထိန်းချုပ်ကန့်သတ်မှု ဖြေလျှော့မှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ စီးပွားရေးမြှင့်တင်မှုအစီအစဉ်အရ ခုလိုဆုံးဖြတ်ခဲ့တာလို့ စီစီအက်စ်အေမှ ပြောရေးဆိုခွင့်ရသူ ဒေါက်တာ ထဝီးဆင် ဗီဆနူရိုသင်ကပြောတဲ့အကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုမယ့် နိုင်ငံခြားသားတွေကို အမျိုးအစားအုပ်စု ၄ မျိုး သတ်မှတ်ထားခဲ့တာဖြစ်ပြီး ပထမတစုကတော့ ထိုင်းနိုင်ငံမှာ ကုန်စည်ပြပွဲတွေတက် ရောက်ကြမယ့် နိုင်ငံခြားသားတွေဖြစ်ပါတယ်။

နောက်တစုမှာတော့ ကန့်သတ်ထိန်းချုပ်မှုနဲ့ နိုင်ငံခြားရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ဝင် နိုင်ငံခြားသားတွေ ပါဝင်ပါတယ်။ ရိုက်ကူးရေးအဖွဲ့အနေနဲ့ အစီအစဉ်/ ရိုက်မယ့်နေရာတွေ တင်ပြရမှာဖြစ်ပြီး အားလုံး  ကိုယ့်စရိနဲ့ကိုယ် ၁၄ ရက် ကွာရန်တင်း ဝင်ရမှာ ဖြစ်ပါတယ်။ 

တတိယအုပ်စုအနေနဲ့ မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတွေက ထိုင်းစားသောက်ကုန်လုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်ကြမယ့် ရွှေ့ပြောင်းအလုပ်သမားတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

အလုပ်သမားဝန်ကြီးဌာနရဲ့ တင်ပြချက်အရ ထိုင်းနိုင်ငံမှာ အခြေခံ လုပ်သား လိုအပ်ချက်တွေရှိနေပြီး အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းနဲ့ စက်မှုဇုန်တွေဖြစ်ကာ ဝင်ရောက်လာမယ့်အလုပ်သမားက ၁ သိန်းကျော်ရှိမယ်လို့ CCSA  ပြောခွင့်ရ ဒေါက်တာ ထဝီးဆင်က ခန့်မှန်းပါတယ်။

အဆိုပါ ရွှေ့ပြောင်းလုပ်သား ၁ သိန်းကျော်မှာ ထိုင်းနိုင်ငံမှာ အလုပ်သမားကတ်ရှိပြီးသား ဖြစ်ပေမဲ့ ကိုဗစ်-၁၉ ကာလအိမ်ပြန်သွားလို့ ပြန်ဝင်လာမယ့်သူ ၆၉၂၃၅ ဦးရှိပြီး ထိုင်းကိုမရောက်သေးဘဲ နှစ်နိုင်ငံသဘောတူညီမှု (အမ်အိုယူ) အရ အလုပ်ရှင်တွေက စာရင်းတင် တောင်းဆိုထားကြသူပေါင်း ၄၂၁၆၈ ဦးရှိတယ်လို့ ဆိုပါတယ်။ 

သူတို့တွေအားလုံးဝင်ရောက်လာရင် ကွာရန်တင်း ၁၄ ရက် ဝင်ရမှာဖြစ်ပြီး ကွာရတင်း ဝင်ရောက်စဉ် စားသောက်နေထိုင်မှုစရိတ်ကို မိမိဖာသာတာဝန်ယူရမှာဖြစ်လို့ တစ်ဦးလျှင် ခန့်မှန်းခြေ ဘတ်ငွေ ၂၀၀၀၀ လောက်ကုန်ကျနိုင်ကြောင်း၊ အဆိုပါ ငွေပမာဏဟာ အခြေခံ အလုပ်သမားတွေအတွက် ခက်ခဲဖွယ်ရှိလို့ ဒီထက်ချွေတာနိုင်မယ့်နည်းလမ်းကို အလုပ်ရှင်နဲ့ ဒေသအဖွဲ့အစည်းတွေ ဆွေးနွေးညှိနှိုင်းရမယ်လို့ ဆိုပါတယ်။ 

ဒီရွှေ့ပြောင်းလုပ်သား ၁ သိန်းကျော်ဟာ ၃ နိုင်ငံနယ်စပ် ဆာကျောက်၊ နောင်ခဲ၊ ရနောင်း၊ တာ့ခ်၊ မုတ်တာဟန်၊ သုဝဏဘုမိ လမ်းကြောင်းတွေကနေ ဝင်ရောက်လာမှာဖြစ်ဖို့ အဆိုပါ ဒေသက လုံခြုံရေးဌာန၊ ကျန်းမာရေးဌာနတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပူးပေါင်းပြီး  ကူးစက်ရောဂါ ကာကွယ်ရေးအတွက် စနစ်တကျနေရာချထားပေးဖို့ စီစဉ်ရမယ်လို့ ဒေါက်တာ ထဝီးဆင်က ပြောပါတယ်။ 

သူတို့အနေနဲ့ ထိုင်းနိုင်ငံတွင်း မဝင်ရောက်ခင် ကိုဗစ်-၁၉ ရောဂါရှိမရှိ စမ်းသပ်စစ် ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပြီး လုပ်ငန်းခွင်တွင်းမဝင်ခင် သက်ဆိုင်ရာ ကျန်းမာရေးဌာနရဲ့ ကြီးကြပ်မှုနဲ့ ၁၄ ရက် ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုမယ့် နောက်ဆုံးအုပ်စုကတော့ ဆေးကုသခွင့်ဗီဇာနဲ့ လာရောက်ကြမယ့် ခရီးသွားဧည့်သည်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့အနေနဲ့ ထွက်ခွာချိန်မတိုင်ခင် ၃ ရက်အလိုမှာ စစ်ဆေးထားတဲ့ ကိုဗစ်-၁၉ ဆေးစစ်ချက်၊ ကျန်းမာရေးအာမခံကြေးငွေ အမေရိကန်ဒေါ်လာ တသိန်းနဲ့ quarantine အတွက် ThaiChana အပလီကေးရှင်းအသုံးပြုပြီး ဘွတ်ကင်တင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဂျပန်၊ တရုတ်၊ တောင်ကို ရီးယား၊ စင်ကာပူနဲ့ ဟောင်ကောင်စတဲ့ နိုင်ငံတွေက ကမ္ဘာလှည့်ခရီးသွားတွေ ဝင်ရောက် ခွင့်ပြုနိုင်ဖို့ကိုလည်း ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုးကား- The Nation

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013