Home
မြန်မာသတင်း
ချောက်မြို့နယ်တွင် မိုးခေါင်ပြီး နှမ်းနှင့် မြေပဲစိုက်ခင်းများ ပျက်စီးဆုံးရှုံး
DVB
·
July 21, 2020
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်မှာ မိုးမရွာတာ ၂ လလောက်ရှိနေတာကြောင့် နှမ်းနဲ့ မြေပဲစိုက်ခင်းတွေ  ပျက်စီးဆုံးရှုံးနေတယ်လို့  ဒေသခံတောင်သူတွေက ပြောပါတယ်။ ဂွေးပင်ကြီး ကျေးရွာ တောင်သူလုပ်ကိုင်သူ ဦးစိုးလင်းက “နှမ်းကလည်း ရှေ့ကစိုက်တာ နှစ်ကြိမ်ပျက်တယ်။ ပထမတစ်ကြိမ် စိုက်တာပျက်လို့ ဒုတိယအကြိမ် ထပ်စိုက်တာလည်း ပျက်တာပဲ။ အပင်တွေ မိုးမရလို့ ခြောက်ကုန်ပြီ၊အခုမြေပဲကို မိုးဦးမှာပြောင်းကြဲတာလည်း ပျက်ဖို့ ပြင်နေပြီး ညှိုးနေပြီ၊ နောက်သုံးရက်အတွင်းမိုးမရွာရင်လည်း ပျက်မှာဘဲ၊ မိုးရလို့ အပင်ရှင်တောင်မှ အထွက်နှုန်းမရနိုင်တော့ဘူး”လို့ ပြောပါတယ်။ ချောက်မြို့နယ်ဟာ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲနဲ့ နှမ်းကို အဓိက စိုက်ပျိုးတဲ့ မြို့နယ်ဖြစ်ပြီး အခုနှစ်စိုက်ဧက ၆၀၀၀၀ ကျော်မှာ မြေပဲနဲ့ နှမ်းကို ဧက ၅၀၀၀၀ ကျော်စိုက်ပျိုးထားကြောင်း နှမ်းထိခိုက်မှု ဧက ၁၈၀၀၀ ကျော်၊ ပျက်စီး ၇၇၇၂ ဧက ရှိသလို မြေပဲ ထိခိုက်မှု ဧက ၄၀၀၀ကျော် ရှိပြီး ပျက်စီးစာရင်း ၃၅ ဧက ရှိကြောင်း မြို့နယ် မြေစာရင်း ဦးစီးဌာနစာရင်းအရ သိရပါတယ်။ မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူ ဦးခင်မောင်ဝင်းက “ထိခိုက်ဧက၊ ပျက်စီးဧကစာရင်း အတည်ပြုပြီးရင်တော့ ဝန်ကြီးချုပ်ကိုတင်ပြီး ဝန်ကြီးချုပ်ကနေ နိုင်ငံတော်ကို တင်ရင် နိုင်ငံတော်ရဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး စီမံချက်အနေနဲ့ ဆိုရင်တော့ သူအချိုးနဲ့သူ ဖြစ်မှာပါ။ အရင်တုန်းက မင်းဘူးဘက် ရေကြီးနစ်မြုပ်တွေကိုတော့ ထောက်ပံ့ခဲ့ဖူးတာ ရှိပါတယ်။ မိုးခေါင်တာကတော့ ဧကအနေနဲ့ အထက်က တောင်းရင်တင်ပေးမယ် ဒီအပေါ်မှ ဝန်ကြီးချုပ်တို့ ဝန်ကြီးတို့ အစိုးရအဖွဲ့ကနေပြီး သဘောတူညီချက်နဲ့ တင်ပေးရင်တော့ နိုင်ငံတော် သမ္မတ ဒုရန်ပုံငွေဖြစ်ဖြစ်၊ နိုင်ငံတော်အစိုးရသတ်မှတ် ရန်ပုံငွေကဖြစ်ဖြစ် အစည်းအဝေး ထိုင်ပြီးရင်တော့ ထိုက်သင့်တဲ့ အချိုးတစ်ခုခုတော ပေးမယ်ထင်ပါတယ်” လို့ ပြောပါတယ်။ နှမ်းမျိုးစျေး တစ်တင်း ၈၀၀၀၀ ကျပ် ဝန်းကျင်ရှိပြီး တစ်ဧက နှစ်တင်းလောက် အသုံးပြုရလို့ တစ်ဧကအရင်းအနှီး ၁၆၀၀၀၀ ကျပ်လောက် ကုန်ကျစရိတ်ရှိကြောင်း မြေပဲ ၁ ဧကကို တစ်တင်းခွဲမှ နှစ်တင်း ပျိုးကြဲကြပြီး မျိုးပဲတစ်တင်းကို ကျပ် ၆၀၀၀၀ မှ ၆၅၀၀၀  အထိ အရင်းရှိလို့ တစ်ဧက ကုန်ကျစရိတ်ကျပ်  ၁၃၀၀၀၀ ဝန်းကျင်ရှိတယ်လို့ ​သိရပါတယ်။ အလားတူ ရေနံချောင်းမြို့နယ်မှာလည်း နှမ်းနဲ့ မြေပဲကို အခုနှစ်အတွင်းမိုးမရတာကြောင့် ပျက်စီးဆုံးရှုံးနေရပြီး လူစားဖို့ထက် နွားစာအခက်အခဲက ပိုမိုကြီးမားလာနေတယ်လို့ ရေနံချောင်းနဲ့ ချောက်မြို့နယ်နေ  တောင်သူတွေထံက သိရပါတယ်။ ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024