DVB Logo
Home
မြန်မာသတင်း
ပြည်ပသို့ မြန်မာ့မြေပဲနှင့် နှမ်းတင်ပို့မှု စစ်ကောင်စီ ပြန်လည်ခွင့်ပြုလိုက်ပြန်
DVB
·
July 7, 2022
ပြည်ပသို့ မြန်မာ့မြေပဲနှင့် နှမ်းတင်ပို့မှု စစ်ကောင်စီ ပြန်လည်ခွင့်ပြုလိုက်ပြန်
Donate to DVB

ပြည်ပတင်ပို့ခွင့် ပိတ်ပင်ရပ်ဆိုင်းထားတဲ့ မြန်မာ့ဆီထွက်သီးနှံကုန်ကြမ်း မြေပဲနဲ့ နှမ်းကို ပြန်လည် ခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ပါတယ်။

ဆီထွက်သီးနှံတွေထဲမှာ နှမ်းနက်ကလွဲပြီး မြေပဲနဲ့ နှမ်း ပြည်ပတင်ပို့မှုကို ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ခေတ္တဆိုင်းငံ့ထားတာပါ။

အခုအခါ ပြည်ပစျေးကွက်မှာ စားသုံးဆီ အဓိကတင်ပို့တဲ့နိုင်ငံတွေက ပုံမှန်ပြန်လည် တင်ပို့နေပြီဖြစ်လို့ ပြည်တွင်းက ဆီထွက်သီးနှံတွေနဲ့ စားသုံးဆီတွေကို ပြန်လည်တင်ပို့ခွင့်ပြုသွားမှာ ဖြစ်တယ်လို့  စစ်ကောင်စီ ဌာနရဲ့ ထုတ်ပြန်စာမှာ ပါရှိပါတယ်။

ပြည်တွင်းမှာ စိုက်ပျိုးထွက်ရှိတဲ့ မြေပဲနဲ့ နှမ်းသီးနှံတွေကို အိမ်နီးချင်း တရုတ်နဲ့ ထိုင်းနိုင်ငံတို့ကို နယ်စပ်ကနေ အဓိကတင်ပို့ရောင်းချနေတာဖြစ်ပြီး ပြည်တွင်းမှာရှိတဲ့ ဆီစက်လုပ်ငန်းတွေကလည်း ဆီကြိတ်ခွဲဖို့အတွက် ဝယ်ယူကြပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက်မှာတော့ မြေပဲနဲ့ နှမ်းဆံဈေးနှုန်းတွေ မြင့်တက်နေပါတယ်။

မြေပဲဆံဈေး တပတ်အတွင်း တပိဿာကို ကျပ် ၂၅၀ ဝန်းကျင် မြင့်တက်ခဲ့ပြီး နှမ်းဆံဈေးနှုန်းတွေကလည်း တအိတ်ကို ကျပ် ၅,၀၀၀ ကနေ ၂၀,၀၀၀ ကြား ဈေးမြင့်တက်လာပါတယ်။

မန္တလေးကုန်စည်ဒိုင်စျေးနှုန်းအရ  ဇူလိုင် ၆ ရက်မှာ မြေပဲ (အနီလုံးဆန်) တပိဿာကို ၄,၆၀၀ ပေါက်စျေးရှိပြီး နှမ်းဖြူက ၄၅ ပိဿာဝင် တအိတ်ကို ကျပ် ၂၁၀,၀၀၀၊ နှမ်းညို ၄၅ ပိဿာဝင် တအိတ်ကို ၁၆၅,၀၀၀ ကျပ်ကနေ ၁၇၀,၀၀၀ကျပ်၊ နှမ်းနက်(စမုန်) ၄၅ ပိဿာဝင် တအိတ်ကို ကျပ် ၁၉၀,၀၀၀ ကနေ ၂၅၅,၀၀၀ ကြား အသီးသီးရှိပါတယ်။

ကမ္ဘာ့ထိပ်တန်း စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့ အင်ဒိုနီးရှားနိုင်ငံက ပြီးခဲ့တဲ့ဧပြီလ နှောင်းပိုင်းကစပြီး ပြည်ပတင်ပို့မှုအပေါ် ကန့်သတ်တာတွေ ရှိလာပြီးနောက် စားအုန်းဆီ ဝယ်ယူတင်သွင်းနေတဲ့ မြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှုတွေရှိလာပြီး ပြည်တွင်းမှာ စားအုန်းဆီအပါအဝင် စားဆီစျေးနှုန်းတွေ၊ ဆီထွက်ကုန်ကြမ်းဖြစ်တဲ့ မြေပဲနဲ့ နှမ်းဆံဈေးနှုန်းတွေလည်း မြင့်တက်လာခဲ့ပါတယ်။

လက်ရှိမှာ‎တော့ နိုင်ငံတကာ စားအုန်းဆီဈေး ကျဆင်းလာပေမဲ့ ပြည်တွင်း လက်လီဈေးကွက်မှာ တပိဿာကို ကျပ် ၈,၀၀၀ ကနေ ၉,၀၀၀ ဝန်းကျင်ထိ မြင့်တက်နေပြီး ပဲဆီ၊ နှမ်းဆီ ဈေးနှုန်းတွေလည်း ထပ်မံမြင့်တက်လာပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေး ချွတ်ခြုံကျနေသလို တိုင်းပြည်ရဲ့ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေဟာလည်း စစ်ခေါင်းဆောင်အမျိုးမျိုး ပြောသမျှလိုက်ပါပြောင်းလဲ သတ်မှတ် နေရာ ဖြစ်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013