ရုရှားအာဏာပိုင်တွေကို ပြတ်ပြတ်သားသား ဝေဖန်ရာမှာ နာမည်ကြီး ဘလော့ဂါ ဗစ်တိုးရီးယား ဘွန်ယာဟာ ရုရှားအစိုးရရုပ်သံက သတင်းကြေညာသူရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို တုံ့ပြန် ပြောကြားလိုက်ပါတယ်။
ရုရှားအာဏာပိုင်တွေအပေါ် အပြင်းအထန်ဝေဖန်လို့ ရုရှားလူမျိုး သန်းပေါင်းများစွာက ကြည့်ရှုခဲ့တဲ့ နာမည်ကြီး ဘလော့ဂါ ဗစ်တိုးရီးယား ဘွန်ယာဟာ အနောက်နိုင်ငံတွေအတွက် အလုပ်လုပ်နေသူ ဖြစ်တယ်လို့ နိုင်ငံပိုင်ရုပ်သံရဲ့ အထင်ရှားဆုံး နိုင်ငံရေးတင်ဆက်သူ ဗလာဒီမာ ဆိုလိုဗီယော့ဗ်က စွပ်စွဲပြီး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့တာပါ။
မိုနာကိုနိုင်ငံမှာ နေထိုင်တဲ့ ဘလော့ဂါ ဗစ်တိုးရီးယား ဘွန်ယာကတော့ သူကိုယ်တိုင်ကလွဲလို့ ဘယ်သူ့အတွက်မှ အလုပ်မလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။
သူ့အပေါ် စွပ်စွဲသူ ဆိုလိုဗီယော့ဗ်ကိုလည်း “ပြည်သူ့ရန်သူ" လို့ ခေါ်ဆိုခဲ့ပြီး ထုတ်လွှင့်မှုကနေ ဖယ်ရှားသင့်တယ်လို့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲကို ထောက်ခံမှုကြောင့် အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူခံရတဲ့ စကားပြော အစီအစဉ် တင်ဆက်သူ ဗလာဒီမာ ဆိုလိုဗီယော့ဗ်က ဘွန်ညာရဲ့ အသွင်အပြင်နဲ့ ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာ စော်ကားခဲ့ပါတယ်။
ဒါ့အပြင် ရုရှားသမ္မတနန်းတော် ခရင်မလင်ကို ဖျက်ဆီးဖို့ အနောက်နိုင်ငံတွေရဲ့ လျှို့ဝှက်ကြံစည်မှုတွေမှာ ပါခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရောနှောပြောဆိုရင်း တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ထဲမှာ ဗစ်တိုးရီးယား ဘွန်ယာကို ရက်ရက်စက်စက် တိုက်ခိုက်ခဲ့ပါတယ်။
ဆိုလိုဗီယော့ဗ်ဟာ အမျိုးသမီးတွေကို လက်မခံနိုင်တဲ့ နည်းလမ်းနဲ့ ပြောဆိုခဲ့တဲ့ နိုင်ငံပိုင် ရုပ်မြင်သံကြား အစီအစဉ် တင်ဆက်သူ ပုဂ္ဂိုလ်တွေ အများကြီးထဲက တယောက် ဖြစ်တယ်လို့လည်း ဘွန်ယာက ပြောပါတယ်။
အသက် ၄၆ နှစ်အရွယ် တကိုယ်တော်မိခင် ဘွန်ယာက သူ့လို အမျိုးသမီးတွေကို ပြည့်တန်ဆာတွေ ဒါမှမဟုတ် အပျော်မယ်တွေအဖြစ် လူသိရှင်ကြား ပယ်ချတာ ခံရတာကို ငြီးငွေ့နေပြီလို့ ထပ်လောင်း ပြောပါတယ်။
ဘွန်ယာက “ကလေးတွေကို ကိုယ့်ဘာသာကိုယ် ပြုစုပျိုးထောင်တဲ့ မိခင်တွေ အများကြီးရှိပါတယ်။ ကျမကို စော်ကားခြင်းအားဖြင့် သူတို့အားလုံးကို စော်ကားရာရောက်ပါတယ်" လို့ ပြောပါတယ်။
သူ့ရဲ့စာမျက်နှာကို လာရောက်ကြည့်ရှုသူ သန်း ၅၀၀ နီးပါးရှိလို့ သူ့ရဲ့ လူမှုကွန်ရက်က ဆိုလိုဗီယော့ဗ်ရဲ့ လူမှုကွန်ရက်ထက် ပိုကြီးမားတယ်လို့လည်း ဘွန်ယာက ထောက်ပြခဲ့ပါတယ်။
Source: Reuters










