ရန်ကုန်တိုင်းအတွက် ၁ လ လူဦးရေ ၆ သောင်း မှတ်ပုံတင်လုပ်ပေးမည်
DVB
·
July 20, 2020

မှတ်ပုံတင်လိုအပ်ချက် လူဦးရေသိန်းနဲ့ချီပြီးရှိနေတဲ့ ရန်ကုန်တိုင်းအတွက် ရွေးကောက်ပွဲကာလအမီ ၁ လကို လူဦးရေ ၆ သောင်း ပြည့်မီအောင် မှတ်ပုံတင်တွေ ကွင်းဆင်းလုပ်ပေးမယ်လို့ ဇူလိုင် ၂၀ ရက်နေ့ကလုပ်တဲ့ လူဦးရေစာရင်းနဲ့ မဲဆန္ဒရှင်စာရင်းဇယား အချက်အလက်များ တိကျမှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးက သိရပါတယ်။
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့် ရရှိနိုင်ဖို့ တိုင်းနဲ့ပြည်နယ်အလိုက်ရှိ မြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာတွေမှာ မှတ်ပုံတင်တွေ ပြုလုပ်ပေးနေတာပါ။
ဒီလိုလုပ်ပေးတဲ့ ကာလကို သစ္စာစီမံချက်နဲ့ စက်တင်ဘာလအထိ ကွင်းဆင်းရေးလုပ်ငန်းကို ဆောင်ရွက်မှာဖြစ်ပြီး လက်ရှိမှာလည်း ရန်ကုန်တိုင်းရှိ မြို့နယ်တွေ၊ ဧရာ၀တီတိုင်းရှိ မြို့နယ်တွေမှာ စတင်လုပ်ဆောင်နေပါပြီ။
လာမယ့် ၂၀၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ဖို့ လိုအပ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးတဲ့လုပ်ငန်းကို လုပ်ငန်းပမာဏအရ ဦးစားပေးနယ်မြေ သတ်မှတ်ပြီး ကွင်းဆင်းပြုလုပ်ပေးနေတာပါ။
တိုင်းဒေသကြီးအလိုက်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့ စာရင်းတွေအရ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်ဖြည့်သွင်း ဖော်ပြနိုင်တာမရှိတဲ့ စာရင်းတွေကို ပြန်လည်တိုက်ဆိုင် ဖော်ထုတ်ရွေးချယ်ပြီး ဖြည့်သွင်းနိုင်ဖို့ မှတ်ပုံတင်မရှိသူတွေကို အသစ်ပြုလုပ်ပေးတာ၊ ပျောက်ဆုံး၊ ပျက်စီးတွေကို ပြန်လည်လုပ်ဆောင်ပေးနေတာပါ။
ဇာခြည်