DVB Logo
Home
မြန်မာသတင်း
ကုမ္ပဏီများ၏အခွန် အောက်တိုဘာ ၁ ရက်မှစ၍ အွန်လိုင်းက ပေးချေရမည်
DVB
·
July 18, 2020
ကုမ္ပဏီများ၏အခွန် အောက်တိုဘာ ၁ ရက်မှစ၍ အွန်လိုင်းက ပေးချေရမည်
Donate to DVB

လာမယ့် အောက်တိုဘာ ၁ ရက်ကစပြီး ရန်ကုန်မှာရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ အခွန်တွေကို အွန်လိုင်းကပဲ ပေးချေကြရတော့မှာ ဖြစ်ပါတယ်။

တခြား အခွန်ထမ်းမှတ်ပုံတင်အမှတ်ရထားတဲ့ ကုမ္ပဏီတွေအနေနဲ့လည်း အွန်လိုင်းကပဲ ပေးချေကြဖို့ ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးလိုက်ပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “TIN နံပါတ် (အခွန်ထမ်းမှတ်ပုံတင်အမှတ်) ရထားတဲ့ ရန်ကုန်က ကုမ္ပဏီတွေအနေနဲ့ အောက်တိုဘာ ၁ ရက်ကစပြီး အွန်လိုင်းကပဲ ပေးချေဖို့ လာမယ့်အပတ်ထဲမှာ ကြေညာမှာပါ။ လတ်တလောမှာတော့ ဘဏ် ၅ ဘဏ်နဲ့ ချိတ်ဆက်ပေးဆောင်နိုင်ပါပြီ။ နောက်ထပ်ဘဏ်တွေလည်း လုပ်နေပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဝန်ထမ်းတွေရဲ့ လစာဝင်ငွေခွန်ပေးဆောင်တာကိုလည်း အခွန်ရုံးတွေမှာ သွားပေးရတဲ့အစား အီလက်ထရောနစ်ငွေချေစနစ်ကို သုံးမှာ ဖြစ်သလို အခွန်မှတ်တမ်းစာအုပ်တွေ ထုတ်မပေးတော့ဘဲ ဖုန်းအက်ပလီကေးရှင်းကနေ အချက်အလက်တွေ ကြည့်နိုင်အောင်လုပ်မယ်လို့ ဆိုပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာနကို ပေးဆောင်ရတဲ့ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်တွေနဲ့ တံဆိပ်ခေါင်းခွန်တွေကို MPU ကတ်နဲ့ ပေးချေနိုင်သလို ချိတ်ဆက်ထားတဲ့ ဘဏ်တွေရဲ့ အွန်လိုင်းငွေချေစနစ်တွေကနေလည်း ပေးချေနိုင်တာ ဖြစ်ပါတယ်။

MPU ကတ်နဲ့ ပေးချေမယ်ဆိုရင်တော့ ပြည်တွင်းအခွန်များဦးစီဌာနရဲ့ ဝက်ဘ်ဆိုဒ် www.ird.gov.mm ရဲ့ Start Your Tax Online Payment ကနေ ပေးချေရတာ ဖြစ်ပါတယ်။

ဘဏ်တွေရဲ့ အွန်လိုင်းငွေချေစနစ်မှာတော့ အက်ပလီကေးရှင်းမှာပါတဲ့ သက်ဆိုင်ရာ အခွန်ကို ရွေးချယ်ပြီး အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) ကို ထည့်သွင်းလို့ ငွေချေနိုင်တာ ဖြစ်ပါတယ်။

အွန်လိုင်းဘဏ်စနစ်ကနေ ငွေချေရင် အဲဒီဘဏ်တွေမှာ ဖွင့်ထားတဲ့ ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ ငွေစာရင်း၊ အဲဒီကတဆင့် ဗဟိုဘဏ်၊ အဲဒီကတဆင့် မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲတွေမှာရှိတဲ့ သက်ဆိုင်ရာ အခွန်ရုံးတွေရဲ့ ငွေစာရင်းထဲကို အချိန်နဲ့ တပြေးညီ စာရင်းတွေရောက်သွားမှာ ဖြစ်ပါတယ်။ 

ဒီလို အခွန်ပေးသွင်းရာမှာ ပေးသွင်းမှုအထောက်အထားတွေအဖြစ် အွန်လိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွေကနေ အခွန်ထမ်းကို အခွန်ပေးသွင်းပြီးကြောင်း အထောက်အထား ကနဦး ထုတ်ပေးမှာဖြစ်ပြီး ပြည်တွင်းအခွန်များဦးစီးဌာနဆီကို လွှဲပြောင်းရရှိပြီးရင်တော့ အထောက်အထားတွေကို အီးမေးလ်ကတဆင့် ပေးပို့မှာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အသေးစိတ် သိချင်ရင်တော့ ပြည်တွင်းအခွန်များဦးစီဌာနရဲ့ဝက်ဘ်ဆိုဒ် www.ird.gov.mm မှာ ဝင်ကြည့်နိုင်သလို သက်ဆိုင်ရာအခွန်ရုံးတွေ၊ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံးတွေမှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013