DVB Logo
Home
မြန်မာသတင်း
အွန်လိုင်း “E-Work Permit” စနစ်က ရွှေ့ပြောင်းလုပ်သားများအတွက် အချိန်ကုန်သက်သာပြီး ပိုလွယ်ကူစေ
DVB
·
October 9, 2025
အွန်လိုင်း “E-Work Permit” စနစ်က ရွှေ့ပြောင်းလုပ်သားများအတွက် အချိန်ကုန်သက်သာပြီး ပိုလွယ်ကူစေ
Donate to DVB

ထိုင်းနိုင်ငံရှိ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေအတွက် အွန်လိုင်းကနေ လျှောက်ထားရတဲ့ “E-Work Permit” စနစ် ကျင့်သုံးတာဟာ အချိန်ကုန်သက်သာပြီး ပိုပြီးလွယ်ကူချောမွေ့စေတယ်လို့ ထိုင်းအလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။  

ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်) လျှောက်ထားတဲ့ လုပ်ငန်းစဉ်တွေကို အွန်လိုင်းကနေ “E-Work Permit” စနစ်နဲ့ မှတ်ပုံတင်ရမှာဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်ကစပြီး ၂၄ နာရီ ဝန်ဆောင်မှုပေးသွားမယ်လို့ ထိုင်း အလုပ်သမားဝန်ကြီးက ပြောထားပါတယ်။

အခုလို အွန်လိုင်းကနေ အချိန်မရွေး လွယ်ကူစွာပြုလုပ်လာနိုင်တဲ့အတွက် ‌ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ငွေကုန်ကြေးကျသက်သာပြီး အချိန်ကုန်သက်သာစေတယ်လို့ ထိုင်းရောက် ရွှေ့ပြောင်းမြန်မာတွေအတွက် အလုပ်လုပ်ခွင့်ပါမစ်ရအောင် ကူညီလုပ်ဆောင်ပေးနေတဲ့ ကိုပေါက်က  ပြောပါတယ်။

“လွယ်ကူသွားတာပေါ့၊ ကုန်ကျစရိတ်လည်း သက်သာမယ်၊ အချိန်ကုန်တာလည်း သက်သာမယ်၊ စမတ်ကတ်လေးတွေ ရလာမယ်ဆိုတော့ ပိုအဆင်ပြေသွားတာပေါ့။ ဘဏ်ဖွင့်တာပဲဖြစ်ဖြစ်၊ ယာဉ်မောင်းလိုင်စင် လုပ်တာပဲဖြစ်ဖြစ် အဆင်ပြေသွားလိမ့်မယ်။ အခက်ခဲတခုကတော့ တချို့အလုပ်သမားတွေကျ နားလည်လို့ ကိုယ်တိုင်လုပ်ချင်တယ်။ ဒါပေမဲ့ စာရွက်စာတမ်းတောင်းတဲ့ အချိန်ကျရင် တချို့သူဌေးတွေက မပေးချင်ကြဘူး။  ဒီမှာသွားပြီးတော့ တင်မယ်ဆိုရင် သူဌေးတွေက လက်မှတ်ထိုးပေးမှရမှာလေ။ သူဌေးတွေက မပေးချင်ဘူးဆိုရင် အဲဒီအချက်တွေက စကားပြောရပါလိမ့်မယ်။ အဲဒီလိုမျိုးတွေဆိုရင် အလုပ်သမားတွေဘက်က ပွဲစားခတွေ ကုန်လာတာတွေ ရှိလာမှာပေါ့။” 

ထိုင်းအလုပ်သမားဝန်ကြီးဌာနကလည်း e-Work Permit စနစ် ကျင့်သုံးရတာဟာ အလုပ်ရှင်တွေနဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အချိန်ကုန်သက်သာပြီး လွယ်ကူမြန်ဆန်စေဖို့၊ လုပ်ငန်းဆောင်ရွက်မှုတွေကို ပွင့်လင်းမြင်သာမှုရှိစေဖို့နဲ့  တာဝန်ခံမှုရှိစေဖို့ ရည်ရွယ်တယ်လို့ ပြောဆိုထားပါတယ်။

“E-Work Permit” စနစ်အပြင် တနိုင်ငံလုံးအနှံ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ဝန်ဆောင်မှုစင်တာ ၄၀ ကျော်နဲ့အတူ ဝန်ဆောင်မှုမရောက်ရှိနိုင်တဲ့နေရာတွေကိုလည်း ရွေ့လျားယာဉ် ၈ စီးကိုလည်း ပြင်ဆင်ပေးထားတယ်လို့ သိရပါတယ်။

အဲဒီစနစ်ကို အသုံးပြုသူတွေအနေနဲ့ အွန်လိုင်းကနေ စာရင်းသွင်းပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်) လျှောက်ထားတဲ့လုပ်ငန်းစဉ်တွေကို အချိန်နေရာမရွေး လွယ်ကူမြန်ဆန်စွာနဲ့ လုပ်ဆောင်နေမှာ ဖြစ်ပါတယ်။  

ဒါ့အပြင် တိကျမှန်ကန်မှု၊ ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် ရည်ရွယ်ပြီး လက်ဗွေနဲ့ မျက်လုံး စကန်ဖတ်တာတွေကို အသုံးပြုသွားမယ်လို့ သိရပါတယ်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ M.H.A.C မဟာမိတ်အဖွဲ့ရဲ့ တာဝန်ရှိသူ အေအေစီကိုရဲမင်းကလည်း ဒီစနစ်ဟာ အလုပ်သမားတွေအတွက် ပိုကောင်းမွန်တဲ့စနစ် ဖြစ်လာမှာဖြစ်တဲ့အတွက် ကြိုဆိုဝမ်းမြောက်ကြောင်း ပြောပါတယ်။

“မှန်ကန်ကောင်းမွန်တဲ့စနစ်တွေကို တဖြည်းဖြည်း ပြုပြင်ပြောင်းလဲလာပေးမယ် ဆိုရင်တော့ ပိုကောင်းတာပေါ့နော်။ ဒီစနစ်ဟာ အလုပ်သမားတွေအတွက် အသုံးဝင်လာမယ်။ လက်တွေ့ သုံးတဲ့အခါမှာ အဆင်ပြေလာတယ် ဆိုရင်တော့ ကြိုဆိုပါတယ်။ ထိုင်းအစိုးရအနေနဲ့ မြန်မာလုပ်သားတွေရဲ့ အောက်ခြေအခက်အခဲကို ပိုမိုနားလည်ပြီးတော့ ခုလိုမျိုး တဆင့်ချင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာမယ် ဆိုရင်တော့ ဝမ်းသာပါတယ်။ ထိုင်းရောက်မြန်မာလုပ်သားတွေ ပွဲစားမလိုတော့တဲ့အထိ ကိုယ် ကိုယ်တိုင်လုပ်ကိုင်ခွင့်ရမယ့် အခြေအနေမျိုးတွေအထိ Work permit နဲ့ ဗီဇာ ၂ ခုအတွက် စနစ်တကျနဲ့ ကြပ်မတ်ကိုင်တွယ်သွားမယ် ဆိုရင်တော့ ပိုကောင်းသွားမယ်လို့ အကြံပြု ပြောကြားလိုပါတယ်။”

လာမယ့် အောက်တိုဘာ ၁၅ ရက်ကနေ ၂၉ ရက်အထိ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်)အသစ် ပြုလုပ်နိုင်ဖို့ အွန်လိုင်းစနစ်နဲ့ အမည်စာရင်း (Name List) တင်သွင်းနိုင်မှာ ဖြစ်ပါတယ်။ 

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013