ပဲခူးတိုင်း၌ ၈ လအတွင်း တရားမဝင်သစ် ၅၄၇၂ တန်ဖမ်းဆီးရမိ၊ ပိုင်ရှင်မဲ့အမှုများနေ
DVB
·
July 16, 2020

ပဲခူးတိုင်းအတွင်း တရားမဝင်သစ်တွေကို ဖမ်းဆီးရမိရာမှာ ပိုင်ရှင်မဲ့ဆိုပြီး ဖမ်းမိတာတွေများနေသလို ဖမ်းမိတဲ့သူတွေကိုလည်း ထိရောက်တဲ့အရေးယူမှုမရှိတဲ့အတွက် ကွင်းဆက်တရားခံတွေကို ဖော်ထုတ်ဖို့လိုသလို ထိထိရောက်ရောက် အရေးယူဖို့လိုတယ်လို့ ပဲခူးတိုင်းသယံဇာတနဲ့ သစ်တောဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောပါတယ်။
“ဖမ်းမိတဲ့အခါတိုင်းမှာ ကွင်းဆက်တရားခံတွေကို ဆက်လိုက်ဖို့လိုပါတယ်။ ပြီးတော့ ဖမ်းဆီးရမိတဲ့ တရာခံတွေကြတော့ လည်း ထိရောက်တဲ့အရေးယူမှုမရှိတဲ့အတွက် ပြန်လည်လွတ်မြောက်ကုန်ပြီး ဒီလူတွေကပဲ ဒီလူတွေကပဲ ဒါတွေကို ပြန်လုပ်နေကြတာ”လို့ ပဲခူးတိုင်းသယံဇာတနဲ့သစ်တောဝန်ကြီးက ပြောပါတယ်။
ပဲခူးတိုင်းမှာ ပြီးခဲ့တဲ့ ၈ လအတွင်းမှာ တရားမဝင်သစ်တွေနဲ့အတူ ကား၊ ဆိုင်ကယ်၊ စက်လှေ၊ ထွန်စက်၊ ဘေးတွဲ စတဲ့ယာဉ်အစီးပေါင်း ၃၀၈ စီးမိခဲ့ပါတယ်။
အဲဒီလို ဖမ်းမိတဲ့ယာဉ်တွေကို တရားမဝင်ယာဉ်ဆိုရင်တော့ အပြီး သိမ်းဆည်းနိုင်ပေမဲ့ တရားဝင်ယာဉ်တွေကိုတော့ ပြန်လွှတ်ပေးရတယ်လို့ ဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြော ပါတယ်။
“အဲဒီကားတွေက ဒီနေ့လွတ်တယ်။ နောက်နေ့တောထဲ ပြန်ခိုးတယ်၊ ပြန်မိတယ်။ တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားအရ ပြန်လွှတ်ပေးနေတဲ့အတွက် ထိရောက်တဲ့ဥပဒေတွေ စနစ်တကျပြဋ္ဌာန်းဖို့လိုနေပြီ”
တရားမဝင်သစ်ခိုးထုတ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာထွက်ပေါက်ဖြစ်တဲ့ ရန်ကုန်ကနေ ကွန်တိန်နာတွေနဲ့ထွက်နေတဲ့ လမ်းကြောင်းတွေ စနစ်တကျပိတ်ဖို့လိုသလို ပြည်တွင်းမှာ အဓိကသွားလာနေတဲ့ ရန်ကုန်မန္တလေး လမ်းဟောင်းနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ တာဝန်ကျတဲ့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုလည်း သစ်တောဝန်ကြီးက တိုက်တွန်းပါတယ်။
၂၀၁၉ ခုနှစ် အောက်တိုဘာကနေ ၂၀၂၀ ပြည့်နှစ် ဇွန်အထိ ၈ လတာ ကာလအတွင်း ပဲခူးတိုင်းအတွင်းမှာ တရားမဝင်သစ် ၅၄၇၂ တန်အထိ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိမှု အမှုပေါင်းအနေနဲ့ ၂၃၂၀ မှုရှိခဲ့ပေမဲ့ ဖမ်းဆီးရမိတရားခံက ၄၀၂ ဦးသာရှိခဲ့ပြီး ဖမ်းဆီးရမိမှု အတော်များများက ပိုင်ရှင်မဲ့တွေဖြစ်ပါတယ်။
သတင်း- အောင်စိုးမိုး