DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ကာကွယ်ရေးလုပ်ထားသဖြင့် မစိုးရိမ်ဘဲ ကျောင်းအပ်ပေးရန် မွန်ပညာရေးမှူး တိုက်တွန်း
DVB
·
July 12, 2020
ကိုဗစ်-၁၉ကာကွယ်ရေးလုပ်ထားသဖြင့် မစိုးရိမ်ဘဲ ကျောင်းအပ်ပေးရန် မွန်ပညာရေးမှူး တိုက်တွန်း
Donate to DVB

အခြေခံပညာကျောင်းတွေမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်တွေကို စနစ်တကျ ပြင်ဆင်ထားတာကြောင့် မိဘတွေအနေနဲ့ ကျောင်းသားတွေအတွက် မစိုးရိမ်ကြဘဲ ကျောင်းလာအပ်ပေးကြဖို့ မွန်ပြည်နယ်ပညာရေးမှူးက တိုက်တွန်းလိုက်ပါတယ်။

အခြေခံပညာကျောင်းတွေကို နိုင်ငံတဝန်း စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြပြီး အခြေခံပညာကျောင်း အထက်တန်းအဆင့်ကို ဇူလိုင် ၂၁ ရက်နေ့က စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပြီး ကျောင်းအပ်နှံရေး ကာလကိုလည်း ဇူလိုင် ၁၃ ရက်နေ့မှ ၁၇ ရက်နေ့ သတ်မှတ်ထားပါတယ်။

ကျောင်းအပ်နှံရေး ကာလမှာ မွန်ပြည်နယ်အတွင်း မိဘတွေအနေနဲ့ စိုးရိမ်ပူပန်မှု မရှိဘဲ ကျောင်းလာအပ်ပေးကြဖို့ မွန်ပြည်နယ် ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က တိုက်တွန်းလိုက်ပါတယ်။

“စိတ်မပူကြဖို့ မိဘပြည်သူများနဲ့ရပ်ရွာကို ကျမတို့က မေတ္တာရပ်ခံပါတယ်။ ကိုယ့်ကလေးတွေ ကျောင်းသူ ကျောင်းသားတွေရဲ့ ပညာသင်ယူဖို့အခွင့်အရေးကို ဘာအကြောင်းကြောင့်မှ အဆုံးရှုံးမခံစေချင်ပါဘူး။ တတ်နိုင်သလောက် အားလုံးပူးပေါင်းပြီး ကာကွယ်ထိန်းချုပ်ရင်းနဲ့ ပညာသင်ယူခွင့် အခွင့်အလမ်းရရှိအောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါ။”

ကျောင်းအပ်နှံရေးကာလမှာတော့ ကျောင်းသားတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းတွေ ဖြစ်တဲ့ အဝတ်ချုပ် Mask နှစ်ခုနှုန်းနဲ့ မျက်နှာကာ Face shield တွေလည်း တခါတည်း  ဖြန့်ဝေပေးသွားမယ်လို့ ဆိုပါတယ်။

အခြေခံပညာရေးကျောင်းတွေ အထက်တန်းအဆင့်ကိုသာ အရင်ဆုံး ဖွင့်လှစ်သွားမှာဖြစ်ပြီး အလယ်တန်းနဲ့ မူလတန်းတွေကိုတော့ သြဂုတ်လအတွင်း ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။‌

ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းသားမိဘတချို့ ကလေးတွေကို ကျောင်း ၁ နှစ် အောက်ဖို့ စီစဉ်နေကြပါတယ်။

ကျောင်းသားမိဘဖြစ်သူ ဒေါ်ခင်စန်းလွင်က “ကျောင်းမထားသေးဘူး။ Mask က အမြဲတမ်းလည်း တပ်လို့မဖြစ်ဘူး။ လူကြီးတောင် တပ်လို့မရဘူးလေ။ Mask တပ်ရမယ်ဆိုရင်တောင် အကြာကြီးထားလို့မရဘူး။ ပူနေမှာ။ အများနဲ့ဆိုတော့ ထိန်းလို့ရမှာမဟုတ်ဘူး” လို့ ပြောပါတယ်။

ဒါပေမဲ့ ကျောင်းသားမိဘတချို့ကတော့ ကလေးတွေ ပညာရေးမှာ ၁ နှစ် နောက်ကျသွားမှာ စိုးလို့ ကျောင်းအပ်သွားဖို့ ရှိနေပါတယ်။

ကျောင်းသားမိဘတဦးဖြစ်သူ ဒေါ်ဇင်မာဖြူက “သေသေချာချာ စီမံထားတယ်ဆိုတော့ စိတ်ပူစရာ သိပ်မရှိဘူး ထင်တယ်လေ။ ကျောင်းဆရာ ဆရာမတွေက သေချာ စနစ်တကျ လုပ်ထားတယ်။ ကျောင်းပို့တဲ့အချိန်မှာလည်း တယောက်တည်း ပို့ရမယ်။ ကျောင်းသားတွေ စည်းစနစ်နဲ့ သွားရမယ်ဆိုတော့ စိတ်ပူစရာ သိပ်မရှိဘူး” လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရင် တပတ်ခြား တစ်ခါ ဒါမှမဟုတ် နှစ်ပတ်ခြား တစ်ခါ ကျောင်းတက်ရမယ့် စနစ်ကို ကျင့်သုံးသွားဖို့ ရှိနေတာပါ။

ပြည်နယ်တဝန်းမှာတော့ စာသင်ကျောင်းပေါင်း ၁၅၀၀ ကျော် ရှိနေတာ ဖြစ်ပြီး ကျောင်းသူ ကျောင်းသား ဦးရေ ၄ သိန်း ကျော်ရှိနေတာပါ။ အဲဒီထဲမှာ အထက်တန်းကျောင်းသား ဦးရေ ၄၆၀၀၀ ကျော် ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013