ပေါင်မြို့နယ်က ဆင်ရွာရေတံခွန်ကို လူစုလူဝေးကြောင့် လည်ပတ်ခွင့်ပိတ်သိမ်း
DVB
·
July 10, 2020

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဆင်ရွာကျေးရွာရှိ ဆင်ရွာရေတံခွန်ကို အခုနှစ်မိုးရာသီကာလ လာရောက်လည်ပတ်သူများလာတာကြောင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သွားလာလည်ပတ်ခွင့်ကို ဇူလိုင် ၁၀ ရက်နေ့ မနက်ပိုင်းက ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် လူစုလူဝေးမပြုလုပ်ဖို့ ကျန်းမာရေး ဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်နေ့အထိ ညွှန်ကြားချက်ထုတ်ပြန်ထားပေမဲ့ ပေါင်မြို့နယ် အတွင်းက သဘာဝရေတံခွန်တွေမှာ အခုလပိုင်းအတွင်း လာရောက်လည်ပတ်သူတွေနဲ့ စည်ကား ခဲ့တာကြောင့် အခုလိုပိတ်သိမ်းလိုက်တာလို့ ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။
“ဆင်ရွာရေတံခွန်က လက်ရှိ ကိုဗစ်ကာလမှာ သွားလာတဲ့သူတွေကများနေတယ်။ နောက်ပြီး သစ်တော မြေကလည်းဖြစ်နေတော့ သစ်တောဌာနကလည်း လူစုလူဝေးမဖြစ်အောင်လို့ ထိန်းသိမ်းလိုက်တဲ့သဘောပါ။ နိုင်ငံတော်က ကန့်သတ်ထားတဲ့ရက်အတိုင်း ပိတ်သိမ်းထားမှာပါ။ ရေတံခွန်မှာ စျေးရောင်းနေကြတဲ့သူတွေကိုတော့ အစကတည်းက ဘယ်သူမှ ခွင့်ပြုပေးထားတာ လည်း မဟုတ်လို့ ဆက်ပြီး စျေးရောင်းချနေမယ်ဆိုရင်တော့ သစ်တောဌာနက သူ့ရဲ့ဥပဒေအတိုင်း ဆက်လက်ဆာင်ရွက်သွားမှာပါ။”
ပေါင်မြို့နယ်မှာ ဆင်ရွာရေတံခွန်လို သဘာဝရေတံခွန်တွေများစွာရှိပြီး ဇင်းကျိုက် ကျောက်သင်္ဘောရေတံခွန်၊ တမောင်းပန်ရေတံခွန်၊ ဘန့်ဘွေးကုန်းရေတံခွန်၊ ဥတ္တံတားကျေးရွာရှိ ကျောက်ကျောရေတံခွန်တို့မှာ သဘာဝအလှအပတွေကြောင့် လူသိများပြီး မိုးရာသီကာလ ရောက်တိုင်း နှစ်စဉ်လာရောက်လည်ပတ်သူတွေနဲ့ စည်ကားနေတာဖြစ်ပါတယ်။
သတင်း-ယူမင်းစိုး