DVB Logo
Home
မြန်မာသတင်း
မဲရုံများအနီး မသွားလာရန်နှင့် ခရစ္စမတ်၊ နှစ်ကူးကို လူစုမလုပ်ရန် KA သတိပေး
DVB
·
December 20, 2025
မဲရုံများအနီး မသွားလာရန်နှင့် ခရစ္စမတ်၊ နှစ်ကူးကို လူစုမလုပ်ရန် KA သတိပေး
Donate to DVB

လာမဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ကစပြီး အာဏာသိမ်းစစ်တပ်က လုပ်ဖို့ရှိနေတဲ့ ရွေးကောက်ပွဲအတွက် မဲရုံအဖြစ် သတ်မှတ်ထားတဲ့ နေရာတွေနားမှာ နေထိုင်သွားလာတာတွေ မလုပ်ဖို့ ကရင်နီပြည်တပ်မတော် KA က သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။ 

KA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောအယ်မွှီး လက်မှတ်ထိုးထားပြီး ဒီဇင်ဘာ ၁၉ ရက်စွဲနဲ့ထုတ်ပြန်တဲ့ အဲဒီ သတိပေးစာမှာ စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဟာ မလွတ်လပ်ဘဲ တရားမျှတမှုလည်း မရှိဘူးလို့ ပြောဆိုထားပါတယ်။ 

တဘက်မှာလည်း ပြည်သူလူထုအနေနဲ့ ၂၀၂၅ ဒီဇင်ဘာ ၁၉ ရက်နေ့ကနေ ၂၀၂၆ ဇန်နဝါရီ ၅ ရက်နေ့အထိ နှစ်သစ်ကူးကာလကို လုံခြုံရေးအရ အရေးကြီးကာလအဖြစ်သတ်မှတ်ထားပြီး လူစုလူဝေးမလုပ်ဖို့နဲ့ စစ်တပ်ရွေးကောက်ပွဲလုပ်မယ့် လွိုင်ကော် မြို့တွင်း မြို့ပြင်က ကရင်နီလူထုအနေနဲ့ သတိထားကြဖို့ နှိုးဆော်ကြောင်းလည်း ကရင်နီပြည်တပ်မတော် KA က သီးခြား စာထုတ်ပြန်ထားပါတယ်။ 

ဒီဇင်ဘာ ၁၉ ရက်ကနေစပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့အထိ ခရစ္စမတ်အချိန် နှစ်သစ်ကူးကာလကို လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းတာ၊ နေထိုင်သွားလာတာ၊ ပျော်ပွဲရွှင်ပွဲ ပြုလုပ်တာတွေ မပြုလုပ်ကြဖို့ အသိပေးထားပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတယောက်က “ပြီးခဲ့တဲ့နှစ်ကလည်း New Year မှာ စစ်တပ်ဘက်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ပြီး ဒုက္ခပေးတယ်။ New Year လို့ အော်တဲ့အချိန်ဆို ပိုဆိုးသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အားနည်းချက်ကိုယူပြီး ၁၉၈၅ ခုနှစ်ကနေ ခုလက်ရှိအချိန်အထိ သတ်ဖြတ်မှုတွေ၊ ရာဇဝတ်မှုတွေ၊ ယုတ်မာမှုတွေကို ပြုလုပ်လေ့ရှိတာကြောင့် ကရင်နီပြည်သူလူထု၊ ကရင်နီတပ်ပေါင်းစုံ တပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှုအဖွဲ့အစည်းတွေ သိစေဖို့ အရေးကြီးကာလအဖြစ် သတ်မှတ်တာလို့ KA က ဆိုပါတယ်။

တော်လှန်ရေး နှစ် ၅၀ ကျော် ကာလအတွင်း ၁၉၇၄ ခုနှစ်မှာ တကြိမ်၊ ၁၉၉၀ ခုနှစ်မှာ တကြိမ်၊ ၂၀၁၀ ခုနှစ်မှာ တကြိမ် အာဏာရှင်အဆက်ဆက် နိုင်ငံရေးလိမ်လည်မှုဖြစ်ခဲ့ပြီး လာမဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာလည်း နိုင်ငံရေးလိမ်လည်မှု မမျှတသော ရွေးကောက်ပွဲ ထပ်လုပ်မယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ခရစ်စမတ်အချိန်မှာ စစ်တပ်က မူဆိုကျေးရွာကို စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ အယောက် ၄၀ ကျော်ကို မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလအတွင်း လူစုလူဝေးနဲ့ ပွဲလမ်းသဘင်ကျင်းပတာမပြုလုပ်ဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲလုပ်ဖို့ စီစဉ်နေပြီး အဲဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ သွေးထွက်သံယိုမှုတွေ ပိုများလာစေမယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ထောက်ပြကြသလို တော်လှန်ရေးဘက်တော်သားတွေကလည်း ရွေးကောက်ပွဲဟာ လွပ်လပ်ပြီး တရားမျှတမှုမရှိတဲ့၊ ပြည်သူကိုဖိနှိပ်နေတဲ့ ရွေးကောက်ပွဲပဲဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013