DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးပါသည့်ချဉ်းကပ်မှုပုံစံနှင့် ဆောင်ရွက်ခဲ့သဖြင့် ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ခဲ့ဟု အတိုင်ပင်ခံ ပြော
DVB
·
July 9, 2020
တနိုင်ငံလုံးပါသည့်ချဉ်းကပ်မှုပုံစံနှင့် ဆောင်ရွက်ခဲ့သဖြင့် ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ခဲ့ဟု အတိုင်ပင်ခံ ပြော
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကို တုံ့ပြန်ရာမှာ တနိုင်ငံလုံး ပါဝင်တဲ့ ချဉ်းကပ်မှုပုံစံနဲ့ ဆောင်ရွက်ခဲ့တာကြောင့် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့တာလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဇူလိုင် ၈ ရက်နေ့က Video Conferencing စနစ်နဲ့ ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) ရဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ ကမ္ဘာ့အလုပ်အကိုင်ကဏ္ဍဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးကာလအတွင်း ကျင်းပတဲ့ ကမ္ဘာ့ခေါင်းဆောင်များနေ့ အခမ်းအနားမှာ  ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုကတဆင့် မိန့်ခွန်းပြောကြားခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

“မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ကို တုံ့ပြန်ရာတွင် ပြည်သူများ၏ အင်အား၊ စေတနာ သဒ္ဓါထက်သန်မှု၊ လှူဒါန်းပေးကမ်းလိုသည့်စိတ်ဓာတ် တို့ကို ရယူကာ “တစ်နိုင်ငံလုံး ပါဝင်သည့် ချဉ်းကပ်မှုပုံစံ” ဖြင့် ဆောင်ရွက် လျက်ရှိသည့်အတွက် ရောဂါဖြစ်ပွားမှုကို ယနေ့ထိ ထိန်းချုပ်ထားနိုင် ခဲ့ကြောင်း” ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ထိခိုက်လွယ်အုပ်စုတွေ၊ အလုပ်သမားတွေ၊ အထူးသဖြင့် အမျိုးသမီးတွေအပေါ် ထိခိုက်မှုတွေကို ပြောကြားခဲ့ပြီး၊ အလုပ်သမားတွေရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့၊ စီးပွားရေး လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ရေး ရည်မှန်းချက် နှစ်ရပ်တို့ကို ဟန်ချက်ညီညီအကောင်အထည်ဖော်ဖို လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပြည်ပနိုင်ငံတွေမှာ အခက်အခဲ ရင်ဆိုင်နေကြရတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအားလုံး မြန်မာနိုင်ငံ ပြန်လည်ခေါ်ဆောင်နိုင်ဖို့နဲ့ အလုပ်အကိုင် အခွင့် အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ ဆောင်ရွက်နေကြောင်း၊ ကိုဗစ်-၁၉ ကို တုံ့ပြန်ရာမှာ ILO  အကြံပြုထားတဲ့ အဓိကမဏ္ဍိုင် ၄ ရပ်ကို အခြေခံဆောင်ရွက်နေတယ်လို့ အတိုင်ပင်ခံက ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့အလုပ်အကိုင်ကဏ္ဍမှာ ရင်ဆိုင်နေရတဲ့ ဘုံစိန်ခေါ်မှုတွေကို တုံ့ပြန်ဖြေရှင်းနိုင်ဖို့ ထိရောက်တဲ့ လက်တွေ့လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်းလည်း အတိုင်ပင်ခံက အလေးထားပြောကြားခဲ့ပါတယ်။ 

ကမ္ဘာ့ခေါင်းဆောင်များနေ့ အခမ်းအနားမှာ သဘာပတိအဖြစ်ဆောင်ရွက်နေတဲ့ ILO ညွှန်ကြားရေးမှူးချုပ် Mr. Guy Ryder က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ ILO အဖွဲ့ဝင်နိုင်ငံ ၅၅ နိုင်ငံမှ အကြီးအကဲတွေက ဗွီဒီယိုနဲ့ မိန့်ခွန်းပြောကြားခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013