
ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ အယုဒ္ဓယမြို့ရှိ နာမည်ကြီးကျောင်းတိုက်တတိုက်က ကျောင်းထိုင်ဆရာတော်ဟာ ကျောင်းအလှူငွေတွေ အလွဲသုံးစားလုပ်ပြီး ဒကာမနဲ့ပါ မလျော်မကန် ဖောက်ပြန်နေကြောင်း တိုင်ကြားချက်ရတာကြောင့် ရာဇဝတ်မှုနှိမ်နင်းရေး ဗဟိုရဲတပ်ဖွဲ့ (CIB) က ဒီကနေ့မနက်မှာ ဝင်ရောက်ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အယုဒ္ဓယမြို့ရဲ့ အထင်ကရ ဗုဒ္ဓဆဝမ်ကျောင်းတိုက်က သက်တော် ၆၆ နှစ် ဝါတော် ၃၀ နှစ်ရှိ ကျောင်းထိုင်ဆရာတော် ဖရဝချီရဉာဏ် ခေါ် အတီချူတ်ဟာ ဒီမတိုင်ခင်က ကျောင်းပိုင်အလှူငွေ ဘတ်သန်းနဲ့ချီ အလွဲသုံးစားပြုပြီး ဒကာမနဲ့လည်း မဖွယ်မရာ ဖောက်ပြန်မှုတွေ ရှိနေကြောင်း တိုင်ကြားချက်တွေ ရခဲ့တယ်။ ဒါကြောင့် လျှို့ဝှက်စုံစမ်းထောက်လှမ်းမှုတွေ ပြုခဲ့ပြီး တိုင်ကြားချက် ဟုတ်မှန်ကြောင်း သိရှိရတာကြောင့် တရားရုံးရဲ့ ဖမ်းဝရမ်းမိန့်နဲ့အတူ ဒီကနေ့ စက်တင်ဘာ ၁၀ ရက် မနက် ၆ နာရီက သွားရောက်ဖမ်းဆီးခဲ့တာလို့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
တာဝန်ရှိသူတွေ ရောက်သွားချိန် ဆရာတော်မှာ မနက်စာ ဆွမ်းစားနေတယ်၊ ဆရာတော်ကို တရားရုံးရဲ့ ၂၀၂၆ စက်တင်ဘာ ၈ ရက် နေ့စွဲထုတ် ဝရမ်းအမှတ် ၂၉/၂၅၆၉ အရ သာသနာ့ဝန်ထမ်း ဖြစ်ပြီး အများပိုင်ငွေကို ကိုယ်ကျိုးအဖြစ် မတရားယူဆောင်မှု၊ အဂတိလိုက်စားမှု၊ ရာထူးကို အလွဲသုံးစားပြုမှု၊ ငွေကြေးခဝါချမှု၊ ငွေကြေးခဝါချရန် ပူးပေါင်းကြံစည်မှုတွေနဲ့ ဖမ်းဆီးရမှာ ဖြစ်ကြောင်း အမိန့်စာဖတ်ပြပြီး ဆရာတော်အနေနဲ့ အဆိုပါစွဲဆိုချက်တွေကို တရားရုံးမှာ ပြန်လည်ချေပခွင့်ရှိကြောင်း ပြောဆိုကာ ဖမ်းဆီးခဲ့ပါတယ်။
ဆရာတော်ဟာ ၂ နှစ်ကျော်ကာလအတွင်း ကျောင်းတိုက်ပိုင် အလှူငွေတွေကို သူနဲ့ရည်ငံတဲ့ ဒကာမထံ လွှဲပေးခဲ့တယ်၊ တရားမဝင်တဲ့ အလှူငွေ ဖြတ်ပိုင်းအစောင် ၂၀ လည်း ထုတ်ခဲ့တယ်၊ ကျောင်းအလှူငွေ ဘတ်သန်းပေါင်း ၉၂ သန်းကို အလွဲသုံးစားပြုခဲ့တယ်၊ ဒကာမတယောက်နဲ့ ကုဋီထဲမှာ မေထုန်မှီဝဲနေတဲ့ စီစီတီဗီကင်မရာ အထောက်အထားတွေလည်း ရှိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
မနက် ၇ နာရီကျော်မှာတော့ ဆရာတော်ထံမှ ငွေကြေးတွေကို လွှဲပြောင်းလက်ခံရယူခဲ့သူ အသက် ၄၇ နှစ်အရွယ်ရှိ ဒကာမ ပွန်ယဝီကိုပါ သာသနာ့ဝန်ထမ်းရဲ့ တရားဥပဒေချိုးဖောက်မှုတွေကို အားပေးကူညီမှု၊ ငွေကြေးခဝါချမှုမှာ ပူးပေါင်းကြံစည်မှုတွေနဲ့ ဖမ်းဝရမ်းစာ အမှတ် ၃၀/ ၂၅၆၉ အရ နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။
ဆရာတော်နဲ့ ဒကာမတို့ ကုဋီထဲမှာ ဖက်လှဲတကင်းပြုပုံတွေ၊ ထမင်းစား စားပွဲခုံပေါ်မှာ မဖွယ်မရာ ပြုကျင့်တဲ့ပုံတွေလည်း လူမှုကွန်ရက်မှာ ပေါ်ထွက်လာပြီး တချိန်က ကြည်ညိုလှူဒါန်းခဲ့ဖူးသူတွေကို ဒေါသထွက်စေခဲ့ပါတယ်။
လက်ရှိ အဆိုပါကျောင်းတိုက်ကို တာဝန်ရှိသူတွေက ကြိုးတားထားပြီး ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားပါတယ်။
ကျောင်းအနီးပတ်ဝန်းကျင်မှာ နေထိုင်သူ တချို့ကတော့ ဆရာတော်ဟာ မရှိဆင်းရဲသားတွေကို သနားပြီး ပေးကမ်းကူညီတတ်တယ်၊ ပညာရေးကို အားပေးထောက်ပံ့တယ်၊ ကျောင်းတိုက် ဖွံ့ဖြိုးရေးတွေလည်း ဆောင်ရွက်တယ်၊ နှစ်ပေါင်းများစွာ ကြည်ညိုစွာ ကိုးကွယ်လာပြီး အခုလို သတင်းကြားရတာ မယုံနိုင်အောင် ထိတ်လန့်မိတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဆရာတော်ဟာ ဓမ္မာစရိယတန်း တတိယဆင့်ထိ အောင်မြင်ခဲ့ပြီး ဝိပဿနာ ကမ္မဋ္ဌာန်းကျင့်စဉ်တွေလည်း အားထုတ်ခဲ့တယ်၊ သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တွေလည်း ရခဲ့တယ်။ ဗုဒ္ဓရုပ်ပွားတော်နဲ့ အဆောင်လက်ဖွဲ့တွေ သိဒ္ဓိတင် ရောင်းချတယ်၊ အဆောင်စွမ်းတယ်လို့ နာမည်ကြီးတာကြောင့် ဝယ်ယူသူတွေ များပြားပြီး ကျောင်းတိုက်ဝင်ငွေတွေ ရရှိခဲ့တယ်။ ဂုဏ်သတင်းကြီးမားတဲ့ ဆရာတော်မှာ အခုလို သတင်းတွေ ထွက်ပေါ်လာတာကြောင့် လူမှုကွန်ရက်မှာ ဝေဖန်ရှုတ်ချမှုတွေ မြင့်တက်နေပါတယ်။
Source: Khaosod / Workpoint News / Thairath











