DVB Logo
Home
မြန်မာသတင်း
ရွှေပြည်အေး လူငယ်ပြန်လည်ထူထောင်ရေးစခန်းသွင်းသင်တန်း ကိုဗစ်-၁၉ အလွန်မှ  ပြန်ဖွင့်မည်
DVB
·
July 7, 2020
ရွှေပြည်အေး လူငယ်ပြန်လည်ထူထောင်ရေးစခန်းသွင်းသင်တန်း ကိုဗစ်-၁၉ အလွန်မှ  ပြန်ဖွင့်မည်
1 / 2
Donate to DVB

၁၅ နှစ်ကြာပိတ်ထားခဲပြီး ဇူလိုင် ၇ ရက်နေ့ စခန်းသွင်းသင်တန်းဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ ဖယ်ခုံမြို့နယ်က ရွှေပြည်အေး လူငယ်ပြန်လည်ထူထောင်ရေးစခန်းကို ကိုဗစ်-၁၉ ကန့်သတ်ချက်ကြောင့် မဖွင့်လှစ်နိုင်သေးဘဲ ကိုဗစ်အလွန်မှ ပြန်ဖွင့်မယ်လို့စခန်းမန်နေဂျာ ဦးဇော်ဝင်းထွဋ်က ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု၊ ကသဲကျေးရွာရှိ  ရွှေပြည်အေးလူငယ်ပြန်လည်ထူထောင်ရေးစခန်းဟာ မူးယစ်ဆေးစွဲနေသူတွေကို နိုင်ငံတော် အထောက်အပံ့နဲ့ ဆေးဖြတ်ပေးတဲ့စခန်းဖြစ်ပြီး ဒီနေ့ စတင်ဖွင့်လှစ်ဖို့စီစဉ်ထားတာပါ။

သင်တန်း လာရောက်အပ်နှံထားသူ ၂၂ ဦးရှိပေမယ့် ကိုဗစ်ရောဂါကာလ ကန့်သတ်ချက် တိုးမြင့်ထားမှုကြောင့် သင်တန်းမဖွင့်လှစ်နိုင်သေးဘဲ ကိုဗစ်အလွန်မှပဲ ဒီစခန်းသွင်းသင်တန်းကို ဖွင့်လှစ်နိုင်တော့မယ်လို့ ဦးဇော်ဝင်းထွဋ်က ပြောပါတယ်။

“ကျနော်တို့ ပြန်ဖွင့်ဖို့စီစဉ်ထားတာ အဆင်သင့်ဖြစ်နေပါပြီ။ ကျန်းမာရေးဝန်ကြီးဌာနရဲ ခွင့်ပြုမိန့်လေးစောင့်နေတာပါခင်ဗျာ။ ကိုဗစ်-၁၉ အလွန်မှပဲ ကျနော်တို့ဖွင့်ပေးနိုင်မယ်ဗျာ။ ကျနော်တို့အစက ရည်မှန်းထားတာကတော့ ၇ လပိုင်း ၇ ရက်နေ့ကနေ ၁၀ လပိုင်း ၄ ရက်နေ့အထိ သုံးလဖွင့်ဖို့ ရည်ရွယ်ထားပါတယ်။ အခုက ကိုဗစ်-၁၉ က ဇူလိုင် ၁၅ ရက်နေ့အထိ ရက်တိုးထားတော့လေ၊ တကယ်လို့ ရက်ထပ်တိုးတယ်ဆိုလို့ရှိရင်တော့ လကုန်လောက်မှပဲဖြစ်မယ်။ ရက်တိုးရင်တော့ ကျနော်တို့ နောက်ဆုတ်ဆုတ်သွားမယ်ခင်ဗျာ။ ”

ဒီပြန်လည်ထူထောင်ရေးစခန်းကို  ၂၀၁၉ ခုနှစ်ကစပြီး  ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ကနေ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာက ပြန်လည်လွှဲပြောင်းခဲ့တာဖြစ်ပြိး ၁၀ နှစ်ကျော်အကြာ ပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ထောက်ပံ့မှုအစီအစဉ်နဲ့ သင်တန်းသားသီးသန့် အယောက် ၂၀ ကို ခေါ်ယူပြီး စခန်းသွင်းသင်တန်းပေးတာလို့ စခန်းဒါရိုက်တာ ဦးဇော်ဝင်းထွဋ်က ပြောပါတယ်။

“နိုင်ငံတော်ရဲ့ကူညီပံ့ပိုးမှုနဲ့ နိုင်ငံတော်မှာရှိတဲ့ လူငယ်တွေ မူးယစ်ဆေးသုံးနေတာကို ဖြတ်ပေးလိုက်ပြီးရင် ဒီလူငယ်တွေက နိုင်ငံတော်အတွက်အကျိုးပြုနိုင်တယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ကျနော်တို့ ပြန်လယ်ဖွင့်လှစ်ပေးနိုင်တာပါ။ နိုင်ငံတော်ကနေပြီးမှ သင်တန်းသားတဦးကို စားစရိတ်အနေနဲ့ တယောက်တနေ့ကို ၂၀၀၀ နှုန်းနဲ့ပေးပါတယ်။ နေ့လည်ပိုင်ဖြည့်စွက် အာဟာရ အနေနဲ့ တယောက်ကို ၅၀၀ ကျပ်နှုန်းထောက်ပံ့ပေးထားပါတယ်ခင်ဗျာ။ သင်တန်းသားတဦးကို ဆေးကုဖို့အနေနဲ့လည်း တဦးကို ၁ သောင်းနှုန်းနဲ့ ထောက်ပံ့ပေးထားပါတယ်။”

ဒီစခန်းသွင်းသင်တန်းကို ၃ လတကြိမ် သတ်မှတ်ထားပြီး တကြိမ်ကို လူ အယောက် ၂၀ သာ လက်ခံသွားမှာဖြစ်ပါတယ်။

စာရင်းပေးသွင်းတဲ့ သင်တန်းသားတွေအနေနဲ့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့ ခံဝန်ကတိ လက်မှတ်ရေး ထိုးပေးရမှာဖြစ်သလို သင်တန်းသားထွက်ပြေးပါက သင်တန်းစခန်းကနေ တာဝန်ယူမှာမဟုတ်ဘူးလို့ သိရပါတယ်။

သင်တန်းလာတက်မယ့် သင်တန်းသားတွေအနေနဲ့ ဘီပိုး စီပိုး နဲ့ အခြားကူးစက်ရောဂါရှိပါက လက်ခံမှာ မဟုတ်ဘူးလို့ သိရပါတယ်။

သင်တန်းကာလ ၃လအတွင်း သင်တန်းသားတွေကို စိုက်ပျိူးရေးနဲ့ပတ်သက်တဲ့သင်တန်း၊ အသက်မွေး ဝမ်းကြောင်းသင်တန်းတွေဖြစ်တဲ့ ဆိုင်ကယ်ပြင်သင်တန်း၊ ကားဝပ်ရှော့သင်တန်း နဲ့ အခြားဗဟုသုတဖြစ် စေမယ့်အကြောင်းအရာတွေ၊ စိတ်ပြန်လည်ထူထောင်ပေးနိုင်တဲ့ ပညာတွေကို သင်ပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းကာလ ၃ လအတွင်းမှာ သင်တန်းသားတွေအနေနဲ့ မိမိတစ်ကိုယ်ရေသုံးပစ္စည်းတွေပဲ ယူဆောင်ခွင့်ရှိသလို ကျန်တဲ့ပစ္စည်းတွေကိုတော့ သင်တန်းက အခမဲ့ထောက်ပံ့ပေးသွားမှာဖြစ်ပြီး သင်တန်းသားတွေက စခန်းအပြင်ထွက်ခွင့်မရှိဘဲ တစ်ပတ်တစ်ခါ မိဘဆွေမျိုးအသိုင်းအဝိုင်းနဲ့ တွေ့ခွင့်ပေးထားတယ်လို့ သိရပါတယ်။

ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု၊ ကသဲကျေးရွာရှိ  ရွှေပြည်အေးလူငယ်ပြန်လည်ထူထောင်ရေးစခန်းကို  ၁၉၈၃ ခုနှစ်ကစပြီး  ကသဲဘက်စုံပြန်လည်ထူထောင်ရေး စခန်းအဖြစ်စတင်ဖွင့်လှစ်ခဲ့ပြီး  ၂၀၀၂ ခုနှစ်မှာ ရွှေပြည်အေးလူငယ်ပြန်လည်ထူထောင်ရေးစခန်းလို့ အမည်ပြောင်းခဲ့ကာ ၂၀၀၅ ခုနှစ်မှာတော့ အဆိုပါစခန်းသွင်းသင်တန်းကို ပိတ်ထားခဲ့တာပါ။

၁၉၈၃ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ သင်တန်းအပတ်စဉ် ၂၈ နဲ့ မူးယစ်ဆေးစွဲလူနာ ၄၂၇ ဦးကို ဆေးဖြတ်ကုသပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013