DVB Logo
Home
မြန်မာသတင်း
ဥပဒေ၊ နည်းဥပဒေအတိုင်းပဲ ပြိုင်ပါမယ်၊ ...မတရားတာတော့ မလုပ်ဘူး - ဒေါက်တာဇော်မြင့်မောင်
DVB
·
July 6, 2020
ဥပဒေ၊ နည်းဥပဒေအတိုင်းပဲ ပြိုင်ပါမယ်၊ ...မတရားတာတော့ မလုပ်ဘူး - ဒေါက်တာဇော်မြင့်မောင်
Donate to DVB

နိုဝင်ဘာလ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ကော်မရှင်က ချမှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေနဲ့အညီ ယှဉ်ပြိုင်သွားမယ်လို့ အာဏာရပါတီရဲ့ ဒုဥက္ကဋ္ဌ (၂)  ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ဇူလိုင် ၅ ရက်က အန်အယ်လ်ဒီပါတီဌာနချုပ်(ရုံးခွဲ)ယာယီနေပြည်တော် ဖွင့်ပွဲအပြီးမှာ သတင်းထောက်တွေကို ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့တာပါ။ 

လက်ရှိအချိန်မှာ အာဏာရပါတီဖြစ်နေပေမယ့် အာဏာကို အလွဲသုံးစားလုပ်ပြီး မတရားတာပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်က "ငါတို့ဒီအခြေအနေရောက်နေပြီ။ ငါတို့လုပ်ချင်တာ လုပ်မယ်ဆိုတာမရှိဘူး။ ကျနော်တို့ ဥပဒေအတိုင်းပဲ တင်မယ်။ ရွေးကောက်ပွဲကော်မရှင်က ထုတ်တဲ့အတိုင်း လေးစားလိုက်နာမယ်။ ပြိုင်တဲ့အခါလည်း ဥပဒေ၊ နည်းဥပဒေတွေ အတိုင်းပဲ ပြိုင်ပါမယ်။ ကျနော်တို့ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီးတော့ မတရားတာတော့ မလုပ်ဘူး။ အဲ့တာတော့ သေချာတယ် " လို့ ပြောပါတယ်။

အခုဇူလိုင်လဆန်းပိုင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ သမ္မတ၊ အတိုင်ပင်ခံတို့အပါအဝင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ ပါတီစည်းရုံးရေးကိစ္စရပ်တွေကို စတင်ဆောင်ရွက်နိုင်တယ်လို့ ကြေညာချက်အပါအဝင် ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်အချို့ကို အခြားနိုင်ငံရေးပါတီတွေက ဝေဖန်မှုတွေ ပြုလုပ်နေကြတာပါ။

ဒီအပေါ် ဒေါက်တာဇော်မြင့်မောင်က "ဒါက ခင်ဗျားတို့ သတိထားမိမှာပါ။ အရင်က ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲကော်မရှင် ကြေညာချက်တွေနဲ့ အခု ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်တွေ ခင်ဗျားတို့ ယှဉ်ကြည့်လိုက်ပါ၊ အကုန်တူတူပဲ။ ပေးထားချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားချက်အတိုင်းလုပ်လာတယ်။ အဲ့ဒီတော့ အရင်တုန်းကလည်း ဒီလိုလုပ်ခဲ့ကြတာပဲ။ အခုလည်း ကျနော်တို့ အဲ့ဒီအတိုင်းလုပ်တာပဲ၊ ဒါက ဘာလဲဆိုရင် ပေးထားချက်တွေကို အသုံးပြုတာပဲရှိတယ်။ အခွင့်အရေးယူတာ တခုမှမရှိဘူး" လို့ ရှင်းပြပါတယ်။

နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်တွေထဲမှာ မဲဆန္ဒနယ် သတ်မှတ်မှုလည်း ပါဝင်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ် မဲဆန္ဒနယ်အချို့မှာ ၂၀၁၅ နဲ့ မတူဘဲ ပြင်ဆင်ပြောင်းလဲထားခဲ့ပါတယ်။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013