DVB Logo
Home
မြန်မာသတင်း
ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားသည့်အပေါ် ကြီးမားသည့်ဆုံးရှုံးမှုဖြစ်ဟု တိုင်းရင်းသားခေါင်းဆောင်အချို့ ပြော
DVB
·
October 9, 2024
ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားသည့်အပေါ် ကြီးမားသည့်ဆုံးရှုံးမှုဖြစ်ဟု တိုင်းရင်းသားခေါင်းဆောင်အချို့ ပြော
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သလို မန္တလေးတိုင်း ဝန်ကြီးချုပ်လည်း ဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်သွားတာဟာ စစ်အာဏာရှင်ကို ဖြုတ်ချပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ တိုက်ပွဲဝင် ကြိုးပမ်းတဲ့ စစ်အာဏာရှင်တော်လှန်ရေးအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်တချို့က ပြောပါတယ်။

သွေးကင်ဆာရောဂါခံစားနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ စစ်တပ်က နိုင်ငံတော်အာဏာကို အတင်းအဓမ္မသိမ်းယူချိန်မှာ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံခေါင်းဆောင်တွေထဲက တယောက်ဖြစ်ပြီး အကျဉ်းထောင်အတွင်းမှာ ပြင်းထန်တဲ့ ရောဂါကို ခံစားခဲ့ရပေမဲ့ အချိန်မီ လုံလောက်တဲ့ဆေးကုသမှုတွေ မရရှိခဲ့တာကြောင့် အောက်တိုဘာ ၇ ရက် မနက် ၃ နာရီမှာ ကွယ်လွန်သွားခဲ့တာပါ။

ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းယူချိန်မှာ ဒေါက်တာဇော်မြင့်မောင် ဖမ်းဆီးခံခဲ့ရပြီး စစ်တပ်က ပုဒ်မ - ၅၀၅ (ခ)၊ သဘာဝ ဘေးအန္တရာယ် တားဆီးကာကွယ်ရေးပုဒ်မ၊ အဂတိလိုက်စားမှု ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုပြီး ထောင် ၂၉ နှစ် ချမှတ်ခံထားရသူဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံတဲ့အခါမှာ လူမျိုးရေးအစွန်းရောက်တဲ့ ခေါင်းဆောင်တွေထဲမှာ မပါဘဲ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအပေါ် နားလည်တဲ့ ခေါင်းဆောင်ဖြစ်သလို နိုင်ငံရေးရပ်တည်ချက်အရ ခိုင်မာတဲ့သူလည်း ဖြစ်တယ်လို့ ရခိုင်ဝါရင့်နိုင်ငံရေးသမား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။

စစ်အာဏာရှင်အဆက်ဆက်ရဲ့ ဖမ်းဆီးနှိပ်စက်မှုကို ဦးမညွှတ်ဘဲ ဒီမိုကရေစီအလံကို အသက်သေဆုံးတဲ့အထိ ဦးစီးဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ကို ဒီမိုကရေစီ သူရဲကောင်းအဖြစ် အစဉ်အမြဲ ဂုဏ်ပြုအမှတ်ရနေမှာဖြစ်တယ်လို့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLT/TNLA က ပြောပါတယ်။

အာဏာရှင်စစ်တပ်ကို မဖြုတ်ချနိုင်သေးရင်တော့ ဒေါက်တာဇော်မြင့်မောင်လို နိုင်ငံ့ပညာတတ်တွေ နေ့စဉ်သေဆုံးနေမှာဖြစ်ပြီး တိုင်းပြည်အတွက် အင်မတန် ဝမ်းနည်းဖွယ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ စစ်တပ် အာဏာမသိမ်းခင်အချိန်က မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အနေနဲ့ တာဝန်ယူချိန်မှာ ကျန်းမာရေးမကောင်းတဲ့ကြားထဲက နိုင်ငံတော်ရဲ့ တာဝန်တွေကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ စံပြခေါင်းဆောင်ကောင်းတယောက် ဖြစ်တာကြောင့် ဒီလိုခေါင်းဆောင်မျိုးကို နမူနာယူပြီး ပါတီဝင်တွေက လုပ်ဆောင်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။

၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးမှာလည်း အပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD ပါတီကို စစ်တပ်က အာဏာလွှဲမပေးခဲ့တဲ့ အချိန်မှာတုန်းကလည်း ဒေါက်တာဇော်မြင့်မောင်ဟာ သူ့ရဲ့ နိုင်ငံရေးယုံကြည်ချက်ကြောင့် စစ်အာဏာရှင်တွေရဲ့  ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံခဲ့ရပါတယ်။

အခုတကြိမ်မှာလည်း စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ဖမ်းဆီးခံရချိန်အတွင်းမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင် အခုလိုသေဆုံးသွားတာဟာ ထောင်အတွင်းမှာ လုံလောက်တဲ့ ဆေးကုသမှု မရတာကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးအသိုက်အဝန်းဘက်က ပြောဆိုထားသလို နိုင်ငံတကာသံရုံးတွေရဲ့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။

တိုင်းရင်းသားအားလုံး ပါဝင်တဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေကြတဲ့အချိန်မှာ ပါတီတခုရဲ့ ခေါင်းဆောင်တယောက် အခုလို သေဆုံးသွားတဲ့အပေါ် စိတ်မကောင်းဖြစ်ရသလို အနာဂတ်ဖက်ရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဆက်လက်လုပ်ဆောင်ကြရမှာဖြစ်ပြီး တဗိုလ်ကျရင် တဗိုလ်တက်ရမှာ ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

သွေးကင်ဆာရောဂါ ခံစားနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ထောင်အတွင်း ဆေးကုသမှုကို လုံလုံလောက်လောက်မရခဲ့ဘဲ ရောဂါပြင်းထန်လာတဲ့အချိန်မှာ အာဏာသိမ်းစစ်တပ်က မန္တလေးဆေးရုံကြီးကို ပြောင်းရွှေ့ပေးခဲ့ပြီး သေဆုံးကာနီးအချိန်မှာ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ပေးခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ရဲ့ ရုပ်အလောင်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်က ဖခင်ဖြစ်သူရဲ့ နေအိမ်ကို ပို့ဆောင်ခဲ့ပြီး အောက်တိုဘာ ၈ ရက်က တောင်အင်းမြောက်အင်းသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပြီး အရိုးပြာကိုတော့ မန္တလေးမြို့ မြောက်ဘက်မှာရှိတဲ့ ကြာနီကန်သုသာန်မှာ ဂူသွင်းမှာ ဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ရဲ့ ဈာပနကို  တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ပါတီဝင် ၂,၀၀၀ ကျော် တက်ရောက်ခဲ့ပြီး မန္တလေးမြို့ခံ အများအပြား လိုက်ပါပို့ဆောင်ခဲ့ပေမဲ့ ဇနီးဖြစ်သူနဲ့ သားသမီးတွေကတော့ လိုက်ပါပို့ဆောင်ခွင့် မရကြပါဘူး။

အောင်သူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013