
ဗိုလ်တထောင်မြို့နယ် အမှတ် ၅ ရပ်ကွက် ၄၁ လမ်းက တိုက်ခန်းတခုမှာ အသက် ၇၀ အရွယ် အိမ်ရှင်အမျိုးသမီးကြီးကိုသတ်ပြီး ရွှေထည်ပစ္စည်းတွေ လုယူသွားသူကို စစ်အာဏာရှင် လက်အောက်ခံ ရဲတွေက စက်တင်ဘာ ၈ ရက် မနက်မှာ ဖမ်းမိခဲ့တယ်လို့ မြိုခံတွေဆီက သိရပါတယ်။
ညဘက် နေအိမ်မှာ အိမ်ရှင်အမျိုးသမီးကြီး တယောက်တည်းရှိနေချိန် အိမ်အကူက မျက်နှာကို ခေါင်းအုံးနဲ့ဖိသတ်ပြီး အိမ်ရှိ ရွှေထည်ပစ္စည်းတွေ ယူသွားတာလို့ မြိုခံ့တယောက်က DVB ကို ပြောပါတယ်။
“သတ်သွားတာက ၇ ရက်နေ့ ညကတည်းက၊ မနက်ကျမှ အိမ်ရှင်အမျိုးသမီးကြီးအလောင်းကို တိုက်ခန်းမှာနေတဲ့သူတွေ တွေ့တာ။ သတ်ပြီး ရွှေထည်ပစ္စည်းလုသွားတဲ့ အိမ်အကူကိုလည်း မိထားတယ်။”
အခင်းဖြစ်ပွားရာနေရာကို အာဏာရှင်စစ်တပ်လက်အောက်ခံ ရဲတွေက စစ်ဆေးပြီးနောက် ပြစ်မှုကျူးလွန်သူ အိမ်အကူသားအမိကို စက်တင်ဘာ ၈ ရက် ညနေ ၅ နာရီခွဲလောက် ဒဂုံဧရာအဝေးပြေးမှာ ဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“မနေ့ညနေ (စက်တင်ဘာ ၇ရက်) ၅ နာရီခွဲက သတ်သွားတဲ့ အိမ်အကူအမျိုးသမီးကို သူသမီးနဲ့အတူ ဖမ်းမိတယ်။ လက်ရှိ စစ်ဆေးနေတုန်း၊ သူသမီး ပါ မပါ မသိဘူး။”
လတ်တလောမှာ ဖမ်းဆီးမိတဲ့ အိမ်အကူသားအမိကို ဗိုလ်တစ်ထောင်မြို့နယ်ရဲစခန်းက ကနဦး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်စစ်ဆေးနေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂ ရက်ကလည်း မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်ရှိ Mr. Daddy Hot Pot & Grill ဟော့ပေါ့ဆိုင်မှာ ဆိုင်ပိုင်ရှင်အမျိုးသမီးအား ဓာနဲ့ထိုးပြီး ဖုန်းနဲ့ငွေ ၁၀ သိန်းလုယက်ခဲ့သူ ၄ ယောက်ကို ဖမ်းမိခဲ့ပါတယ်။
အလားတူပင် သြဂုတ် ၂၆ ရက် ည ၇ နာရီခွဲကလည်း မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်း စိန်ပန်းလမ်းမှာ အငှားယာဥ်မောင်းတယောက်ကို အမည်မသိအမျိုးသား ၃ ယောက်က ဓားနဲ့ခုတ်ပြီး ဖုန်းနဲ့ ငွေ ၁ သိန်း.လုယက်ခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။











