DVB Logo
Home
မြန်မာသတင်း
အတိုးနှုန်းမြင့်မားသည့် ပြည်ပချေးငွေများ ရယူတော့မည်မဟုတ်ဟု ဒုတိယဝန်ကြီးပြော
DVB
·
June 25, 2020
အတိုးနှုန်းမြင့်မားသည့် ပြည်ပချေးငွေများ ရယူတော့မည်မဟုတ်ဟု ဒုတိယဝန်ကြီးပြော
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ ပြည်ပချေးငွေတွေကို အတိုးနှုန်းမြင့်မားတဲ့ ချေးငွေတွေရယူတော့မှာမဟုတ်ဘဲ  အတိုးနှုန်းသက်သာမှသာ ရယူတော့မှာဖြစ်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက  ပြည်ထောင်စု ဒုဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ ပြည်ပကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ခန့်ရှိပြီး အဲ့ဒီထဲက တစ်ဝက်လောက်ဟာ တရုတ်နိုင်ငံထံကနေ အတိုးနှုန်းမြင့်မားစွာနဲ့ ရယူထားတာတွေဖြစ်ပါတယ်။ 

အရင်အစိုးရတွေ လက်ထက်တုန်းက နိုင်ငံတကာ ချေးငွေတွေမရရှိတဲ့အတွက် တရုတ်နိုင်ငံတစ်ခုထဲဆီကသာ အတိုးနှုန်းမြင့်မားစွာနဲ့ ချေးယူခဲ့ရပြီး လက်ရှိအချိန်မှာတော့ နိုင်ငံတကာချေးငွေလည်း ရရှိလာတဲ့အတွက်အစိုးရအနေနဲ့ ချေးငွေတွေကို အတိုးနှုန်းမြင့်မားစွာနဲ့ ရယူတော့မှာ မဟုတ်ဘူးလို့ ဒုဝန်ကြီးက ဇွန်လ ၂၄ ရက်က ပြုလုပ်တဲ့ အစိုးရ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက "ကျနော်တို့ရဲ့ ချေးငွေမူဝါဒကတော့ အတိုးနှုန်းသက်သာတဲ့ ချေးငွေကိုပဲရွေးချယ်ပြီးတော့ ရယူမယ်။ ပြီးတော့ လွှတ်တော်အထိလည်းတင်ပြပြီးတော့ အတည်ပြု ချက်ယူရတာဖြစ်တဲ့အတွက်ကြောင့် လွှတ်တော် အတည်ပြုမှ ချေးရတာ ဖြစ်တဲ့အတွက်ကြောင့် အတိုးနှုန်းက မသက်သာရင် နောက်ပိုင်းမချေးတော့ဘူး " လို့ ပြောပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ အတိုးနှုန်းမြင့်မားတဲ့ တရုတ်နိုင်ငံဆီက ချေးငွေတွေ ရယူတာ မရှိပေမဲ့  ယခင်အစိုးရတွေလက်ထက်တုန်းက ရယူထားခဲ့တဲ့ ချေးငွေတွေအတွက် နှစ်အလိုက် ပြန်လည်ပေးဆပ်နေရပြီဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ တရုတ်နိုင်ငံဘက်က ချေးငွေတွေနဲ့ ပတ်သက်ပြီး ကမ်းလှမ်းမှုတွေရှိပေမယ့် အတိုးနှုန်းအနေအထားပေါ်မူတည်ပြီး ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

"ယခုအချိန်မှာလည်း သူတို့ဘက်က ကမ်းလှမ်းတာတွေရှိပါတယ်။ CDB တို့ China Exim Bank တို့ အဲ့တာတွေကလည်း စီမံကိန်း အပေါ်မှာ မူတည်ပြီးတော့ အကယ်၍ စီမံကိန်းကလည်း သူနဲ့ လုပ်မယ့်စီမံကိန်းဖြစ်တယ်။ ပြီးရင် သူ့ရဲ့ အတိုးနှုန်းကလည်း တွက်ချက်ကြည့်တဲ့အခါမှာ သက်သာတယ်ဆိုရင်တော့ စိစစ်ပြီး လွှတ်တော်ခွင့်ပြုချက်ရှိရင် ယူမှာဖြစ်ပါတယ်" လို့ ဒုဝန်ကြီးက ပြောပါတယ်။

အတိုးနှုန်းမြင့်မားတဲ့ ပြည်ပကြွေးမြီတွေနဲ့ ပတ်သက်ပြီး ချေးငွေရယူတဲ့ ဝန်ကြီးဌာနတွေ အနေနဲ့ သတိထားသုံးစွဲကြဖို့ကိုလည်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတိပေးပြောဆိုထားခဲ့ပါတယ်။

သတင်း - ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013