DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ကိုဗစ်ကာလ ၃ လအတွင်း လူပေါင်း ၄၇ဝ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်
DVB
·
June 25, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်ကာလ ၃ လအတွင်း လူပေါင်း ၄၇ဝ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်
Donate to DVB

မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားတဲ့ မတ်လ ၂၃ ရက်က စလို့ ဇွန်လ ၂၂ ရက်အထိ သုံးလတာကာလအတွင်း လူပေါင်း ၄၇၀ ဟာ စိတ်ဖိစီးမှုအပါအဝင် လူမှုရေး၊ ကျန်းမာရေး ပြဿနာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီးကျော်သီဟက ဒီဗွီဘီကိုပြောပါတယ်။

သေ‌ကြောင်းကြံစည်မှု  ၄၇၀ ထဲက လူပေါင်း ၄၇၀ လုံးသေဆုံးခဲ့ပြီး ဒီအမှုတွေဟာ နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၄ ခုလုံးမှာ ဖြစ်ပျက်ခဲ့တာပါ။

ဒီသေကြောင်းကြံစည်မှုတွေ ဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကတော့ လူမှုရေးကိစ္စ၊ ကျန်းမာရေး မကောင်းတဲ့ကိစ္စ၊ စီးပွားရေးကိစ္စစတာတွေကြောင့်အပြင်၊ စိတ်ဖိစီးမှုဖြစ်တာ၊ အရက်ကြောင့် စိတ်ကစဉ့်ကလျားဖြစ်ကာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်တာတွေအပြင် စိတ်ကျရောဂါကြောင့်လည်း သေကြောင်းကြံစည်တာတွေ ဖြစ်ခဲ့ကြောင်း ရဲမှူးကြီးကျော်သီဟက ပြောပါတယ်။

“ဖြစ်ပွားတာတွေထဲမှာကိုဗစ်ကာလဖြစ်တဲ့အတွက် ကျန်းမာရေးအရ စိုးရိမ်ပူပန်မှုတွေရှိတယ်။ အလုပ်အကိုင်ပြဿနာလေးတွေရှိနိုင်တယ်။ ငွေရေးကြေးရေးအခက်အခဲလေးတွေ ရှိနိုင်တယ်။ နောက်မိသားစုနဲ့ ခွဲခွာနေရတာရှိတယ်။ နောက်ခွဲခြားဆက်ဆံတာတွေ အဲလိုမျိုးပေါ့။ စိတ်ဖိစီးမှုတွေအတွက် အဲလိုမျိုးတွေ ဖြစ်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်ပွားတယ်လို့ ကျနော်တို့က  သုံးသပ်ရပါတယ်။”

သေကြောင်းကြံစည်သူ ၄၇၀ ထဲမှာ စိတ်ဖိစီးမှုကြောင့်သေကြောင်း ကြံစည်သူက  ၁၂၂ ယောက်နဲ့ အများဆုံးဖြစ်ပြီး လူမှုရေးကိစ္စတွေကြောင့် ၁၁၆ ယောက်၊ ကျန်းမာရေးမကောင်းတာကြောင့် ၇၈ ယောက်၊ စီးပွားရေးပြဿနာကြောင့် ၇၃ ယောက် ၊ အရက်ကြောင်ကြောင်ပြီး သေကြောင်းကြံစည်တာက ၆၅ ယောက်နဲ့ စိတ်ကျရောဂါကြောင့် သေကြောင်းကြံစည်သူ  ၇ ယောက် ပါဝင်ပါတယ်။

ကိုဗစ်ကာလဟာ သာမန်မဟုတ်တဲ့ အခြေအနေဖြစ်တာကြောင့် လူတိုင်းနီးပါးစိတ်ဖိစီးမှုတွေ၊ စိတ်ညစ်တာတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေ ကြုံတွေ့နိုင်ကြောင်း၊ ဖြစ်သင့် ဖြစ်ထိုက်တာထက် ပိုများတာ၊ နောက်ပိုကြာနေရင်တော့ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုအပြင်  စိတ်ကျရောဂါတွေ ဖြစ်လာနိုင်ကြောင်း၊ စိတ်ပျော့တဲ့သူဆိုရင် စိတ်ဖိစီးမှုတွေဖြစ်လာနိုင်ကြောင်းနဲ့ ဒီလိုဖြစ်လာပါက စိတ်ပညာရှင်နဲ့ တွေ့ပြီး နှစ်သိမ့်ဆွေးနွေးတာတွေလုပ်သင့်ကြောင်း  မြန်မာနိုင်ငံစိတ်ပညာအသင်းက ဒုဥက္ကဋ္ဌ  အငြိမ်းစားပါမောက္ခ ဒေါ်သက်ထားဝင်းကပြောပါတယ်။

“ဒါဟာလူတိုင်းခံစားရတာပဲ ငါတစ်ယောက်တည်းမှမဟုတ်ဘဲဆိုပြီး ရှောင်လွှဲလို့ မရနိုင်တဲ့ကိစ္စတွေဆိုတာကို သတိပြုရမယ်။ ဒါမှအမြင်မှန်ရသွားမယ်။ နောက်တချက်က ကိုယ့်ဆီမှာအပန်းဖြေနိုင်တဲ့အလုပ်ကလေးတွေပေါ့။ ပျော်စရာလေးတွေပြန်စဉ်းစားပါ။ ပျော်စရာကောင်းတဲ့ကိစ္စတွေလုပ်ပါ။  ကိုယ်ကဘာဝါသနာပါလဲ၊ ပုံဆွဲတာ၊ ပန်းချီဆွဲတာ၊ စာရေးတာ၊ သီချင်းနားထောင်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ ဒါလေးတွေ ပြန်ပြန်ပြီးလုပ်ကြည့်ပါ။ စိတ်သက်သာရာရစေမယ့်နည်းလမ်းတွေ ဖန်တီးပါ။ သီချင်းတွေဘာတွေဆိုတာ လုပ်ပေးပါ။ ကိုယ့်ရဲ့ကျန်းမာရေးလည်း အထူးဂရုစိုက်ပါ။”

သေကြောင်းကြံစည်တဲ့သူ ၄၇၀ ထဲမှာ မန္တလေးက ၇၃ နဲ့ အများဆုံးဖြစ်ခဲ့ပြီး၊ ပဲခူးတိုင်းက ၆၆ ယောက်ရှိခဲ့ကာ၊ ရန်ကုန်တိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ၅၄ ယောက်စီ ရှိခဲ့ပါတယ်။  ချင်းပြည်နယ်မှာတော့ သေကြောင်းကြံစည်သူ ၃ ယောက်ရှိခဲ့ပြီး၊ သေကြောင်း ကြံစည်တာ အနည်းဆုံးဖြစ်ပါတယ်။

ဒီလို သေကြောင်းကြံစည်သူ အယောက် ၄၇၀ ထဲမှာ အမျိုးသား ၃၈၂ ယောက်ရှိပြီး ကျန်တဲ့ ၈၈ ယောက်ကတော့ အမျိုးသမီးတွေဖြစ်တဲ့အတွက် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် သေကြောင်းကြံစည်တဲ့ နှုန်း ၄ ဆကျော်ရှိပါတယ်။

စိတ်ကျဝေဒနာခံစားရသူတွေအနေနဲ့ မြန်မာနိုင်ငံစိတ်ပညာအသင်းကို ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့ အငြိမ်းစားပါမောက္ခ ဒေါ်သက်ထားဝင်းက သူကပြောပါတယ်။

ရဲမှူးကြီးကျော်သီဟကလည်း “ဒါတွေဘယ်လို ကျော်လွှားနိုင်မလဲဆိုတော့ အစိုးရကလည်း ကြေညာထားတာရှိပါတယ်။ လူမှုဝန်ထမ်းကရော၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ စိတ်ပညာအဖွဲ့က နေပြီးမှ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာလအတွင်း ထုတ်ပြန်ထားတာတွေ လိုက်နာပြီး နေထိုင်ကျင့်ကြံရင် အကောင်းဆုံးဖြစ်မယ်လို့ ကျနော်  ပြောကြားလိုပါတယ်။”လို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013