
ပြည်သူတွေအနေနဲ့ Mask တပ်ပြီး သွားလာကြဖို့ ပုသိမ်မြို့ ခုတင် ၅၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က မေတ္တာရပ်ခံလိုက်ပါတယ်။
“ပြည်သူတွေအနေနဲ့က ကိုဗစ်နဲ့ပတ်သက်ပြီး Mask တပ်တာတွေ လျော့နည်းတယ်။ သွားတာလာတာလည်း ပုံမှန်အတိုင်းပဲ သွားလာနေကြတယ်။ ဘာမှမဖြစ်ရင်လည်း မဖြစ်ဘူး။ ဖြစ်ရင်လည်း second wave ဒဏ်ကို ခံရနိုင်ပါတယ်။ ပြည်သူတွေအနေနဲ့တော့ သတိဆိုတာ ပိုတယ်လို့ မရှိဘူး။ အမြဲတမ်းလိုနေတာ ဖြစ်တဲ့အတွက် အမြဲတမ်း သတိရှိရှိနဲ့ သွားလာဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒုတိယလှိုင်းက လာနိုင်တယ်။”
ပြည်ပကနေ ခိုးဝင်လာသူတွေရှိနေနိုင်ပြီး သူတို့အထဲမှာ ရောဂါပိုးရှိသူတွေ ပါလာရင် ပြည်သူထဲကို ရောက်သွားနိုင်သလို အသံတိတ်ရောဂါသယ်ဆောင်သူတွေလည်း ရှိနိုင်တယ်လို့ ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။
ဧရာဝတီတိုင်းမှာ တွေ့ထားတဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှစ်ယောက်ဟာ ရောဂါလက္ခဏာ မပြဘဲ အသံတိတ်ရောဂါပိုး ရှိသူတွေ ဖြစ်ကာ သူတို့က လူကောင်းတွေလို နေရာအနှံ့ လျှောက်သွားမယ်ဆိုရင် သူတို့ဆီကကူးမယ့် ဒုတိယလှိုင်းက အကြီးအကျယ် ဒုက္ခရောက်နိုင်တယ်လို့လည်း ဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ မလေးရှားနိုင်ငံက ပြန်လာသူ ကိုဗစ်-၁၉ လူနာအမှတ် ၁၉၁ နဲ့ လူနာအမှတ် ၂၀၇ တို့မှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး အခုအခါမှာတော့ ရောဂါသက်သာလို့ ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။










