
ရခိုင်ပြည်နယ်၊ မောင်တောမြို့က ကိုဗစ်-၁၉ လူနာသစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထန်ခါလီ ဒုက္ခသည်စခန်းကနေ အတူပြန်လာတဲ့ ပိုးတွေ့လူနာ အမှတ် ၂၃၄ ရဲ့ဇနီး ဖြစ်တယ်လို့ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ပြောပါတယ်။
“ပထမဆုံးပိုးတွေ့လူနာ ၂၃၄ နဲ့ ဘင်္ဂလားဒေ့ရှ်က မိသားစု ၅ ဦး ဝင်လာရာမှာ သူလည်း ပါတယ်။ သူတို့ရဲ့ နှာခေါင်းနဲ့အာခေါင်တို့ပတ်တွေကို ပထမအကြိမ် စစ်ဆေးတုန်းက အားလုံး Negative ပြတယ်။ အခု Facility Quarantine ရက်စေ့တော့မယ့်အချိန်မှာ ဒုတိယအကြိမ် စစ်တော့မှ သူ့အမျိုးသမီးမှာ ပိုးတွေ့တာ ဖြစ်တယ်။”
အခု ပိုးတွေ့လူနာသစ် ၂၉၁ ဟာ ပထမဆုံးပိုးတွေ့လူနာ ၂၃၄ ရဲ့ဇနီး ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထန်ခါလီ ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ကြရာမှ မိသားစု ၅ ဦးအတူ ဦးရှည့်ကျကျေးရွာကို မေလ ၃၀ က နယ်မြေ (၄) လိပ်ရကျေးရွာနဲ့ ဇီးပင်ချောင်းလမ်းကြောင်း နယ်ခြားစောင့်စခန်းကနေ တရားမဝင် ပြန်လာခဲ့ကြတာပါ။
ကိုဗစ်-၁၉ လူနာအမှတ် ၂၃၄ နဲ့ ထိတွေ့ခဲ့သူ ၃၅ ဦးကို လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေးစခန်းမှာ ထားရှိပြီး ပထမအကြိမ် နှာခေါင်းနဲ့ အာခေါင်တို့ပတ်တွေ ဓာတ်ခွဲစစ်ဆေးရာမှာ အားလုံး Negative ဖြစ်ပါတယ်။
မောင်တောမြို့မှ ပထမဆုံး ကိုဗစ်-၁၁၉ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၂၃၄ ကို ဒုတိယအကြိမ် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိထားပြီး တတိယအကြိမ် စစ်ဆေးဖို့ ပို့ဆောင်ထားတယ်ပါတယ်။
မောင်တောခရိုင်မှာ လက်ရှိ ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူ ၈ ဦးအထိ ရှိလာနေပြီး ဘူးသီးတောင်မြို့မှာ ပိုးတွေ့သူ ၃ ဦး၊ မောင်တောမြို့မှာ ၅ ဦး ရှိကာ အားလုံးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကနေ တရားမဝင် ပြန်ဝင်ရောက်လာသူတွေဖြစ်ပါတယ်။
သတင်း-လင်းလက်










