DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုကို ကာကွယ်ရန် သုံးသင့်သုံးထိုက်သည့် အသုံးစရိတ်များ သုံးမည်ဟု သမ္မတပြော
DVB
·
June 22, 2020
ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုကို ကာကွယ်ရန် သုံးသင့်သုံးထိုက်သည့် အသုံးစရိတ်များ သုံးမည်ဟု သမ္မတပြော
Donate to DVB

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက် သုံးသင့်သုံးထိုက်တဲ့ အသုံးစရိတ်တွေကို  သုံးစွဲသွားမယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က  ပြောကြားလိုက်ပါတယ်။

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမမှာ ဒီကနေ့ ဇွန်လ ၂၂ ရက်မနက်က ကျင်းပတဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားလိုက်တာပါ။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေးကြောင့် ကြီးမားတဲ့ ကမ္ဘာ့စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်တဲ့အတိုင်း မြန်မာနိုင်ငံမှာလည်း စီးပွားရေးထိခိုက်မှုတွေ ရှိလာပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လကဲ့သို့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍများအားလုံး ဝင်ငွေကျဆင်းနိုင်ပါကြောင်း၊ ပြည်ထောင်စုရဲ့ရငွေ အခြေအနေပေါ်မူတည်ပြီး အသုံးစရိတ်တွေကို ခွဲဝေရခြင်းဖြစ်လို့ ပြည်ထောင်စု အဆင့်ဌာန၊ အဖွဲ့အစည်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းတွေ အားလုံး ခွဲဝေရရှိတဲ့ အသုံးစရိတ်တွေကို အပြည့်အဝသုံးစွဲကြခြင်းဖြင့် နိုင်ငံ့စီးပွားရေး ပြန်လည်တိုးတက်စေဖို့ ကြိုးပမ်းကြဖို့ သမ္မတက တိုက်တွန်းပါတယ်။

တည်ဆောက်ရေး၊ ဝယ်ယူရေးလုပ်ငန်းတွေအတွက် တင်ဒါခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ ပြီးစီးမှုအဆင့်အလိုက် ငွေပေးချေခြင်းများ ဆောင်ရွက်ကြရာမှာ လွှတ်တော်က အကြိမ်ကြိမ်ထောက်ပြနေပေမဲ့ ကြန့်ကြာမှုတွေ ရှိနေဆဲဖြစ်တာတွေ့ရလို့ တာဝန်ရှိသူ အဆင့်ဆင့်က တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ကြဖို့ သမ္မတက ပြောပါတယ်။

အစိုးရသက်တမ်း ၄ နှစ်ကျော် ကာလအတွင်း ပြည်ထောင်စု၏ရငွေသည် ငွေကျပ် ၁၆၉၇၉ ဘီလီယံမှ ငွေကျပ် ၂၇၈၅၂ ဘီလီယံသို့ တိုးတက်ရရှိခဲ့ပြီး ပြည်ထောင်စု၏ အသုံး စရိတ်သည် ငွေကျပ် ၂၀၂၆၇ ဘီလီယံမှ ငွေကျပ် ၃၄၆၅၂ ဘီလီယံသို့ တိုးတက်လာခဲ့တယ်လို့သိရပါတယ်။

ပြည်ထောင်စုရဲ့ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းချုပ်မှာ ရငွေစုစုပေါင်း ငွေကျပ် ၂၇၈၅၂ ဘီလီယံ၊ သုံးငွေစုစုပေါင်း ငွေကျပ် ၃၄၆၅၂ ဘီလီယံ၊ စုစုပေါင်းလိုငွေကျပ် ၆၈၀၀ ဘီလီယံဖြစ်ပြီး လိုငွေနဲ့ ဂျီဒီပီအချိုးမှာ ၅ ဒသမ ၄၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအကူအညီရငွေကျပ် ၁၁၂၂ ဘီလီယံနဲ့ ပြည်ပချေးယူရငွေ ငွေကျပ် ၄၀၃၄ ဘီလီယံရှိတယ်လို့လည်းသိရပါတယ်။

ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေကတော့ သဘာဝဘေးအန္တရာယ် အရေးပေါ်ရန်ပုံငွေကို အခုနှစ်မှာ ပြီးခဲ့တဲ့နှစ်ကထက် ငွေကျပ် ၅၀ ဘီလီယံတိုးမြှင့်ပြီး ဗဟိုမှာ ငွေကျပ် ၁၀၀ ဘီလီယံ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေမှာ ငွေကျပ် ၅၀ ဘီလီယံ စုစုပေါင်းငွေကျပ် ၁၅၀ ဘီလီယံ ခွဲဝေလျာထားပေးတယ်လို့ ပြောပါတယ်။

ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်းအတွက် ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်တွေကို လိုငွေ အတွက် ထောက်ပံ့ပေးမယ့် ငွေကျပ်မှာ ၂၃၈၁ ဘီလီယံ ဖြစ်ပြီး မနှစ်က ထောက်ပံ့ ငွေကျပ် ၂၁၁၄ ဘီလီယံ ဖြစ်လို့  ငွေကျပ် ၂၆၇ ဘီလီယံ ပိုမို ထောက်ပံ့ပေးခဲ့တယ်လို့ ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေကတော့   အရင်နှစ်တွေက နည်းတူ ငွေကျပ် ၃၂ ဘီလီယံ ဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုမှလိုငွေအတွက် ထောက်ပံ့ပေးမယ့် ငွေကျပ် ၂၃၈၁ ဘီလီယံ အပေါ်အခြေခံပြီး တိုင်းဒေသကြီး/ပြည်နယ်တွေက ရေးဆွဲတင်ပြလာချက် အရအသုံး ခန့်မှန်းခြေငွေစာရင်းဟာ စုစုပေါင်း ရငွေကျပ် ၁၄၃၈ ဘီလီယံ၊ စုစုပေါင်း အသုံးစရိတ် ငွေကျပ် ၃၈၁၉ ဘီလီယံနဲ့ လိုငွေကျပ် ၂၃၈၁ ဘီလီယံ ဖြစ်တယ်လို့ သိရပါတယ်။

အစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ သမ္မတ ဦးဝင်းမြင့်၊ ဒု ဥက္ကဋ္ဌတွေဖြစ်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေ၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ  တက်ရောက်ကြပါတယ်။

ဓာတ်ပုံ- သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013