DVB Logo
Home
မြန်မာသတင်း
မြန်မာအမျိုးသမီး ၁ ဦးအား အဓမ္မကျင့်ပြီး ငွေညှစ်သည့်ပွဲစားကို ထိုင်းရဲနှင့်အေအေစီ ပူးပေါင်းဖမ်းဆီး 
DVB
·
June 22, 2020
မြန်မာအမျိုးသမီး ၁ ဦးအား အဓမ္မကျင့်ပြီး ငွေညှစ်သည့်ပွဲစားကို ထိုင်းရဲနှင့်အေအေစီ ပူးပေါင်းဖမ်းဆီး 
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်အနီး နခွန်းပထုန်မြို့နယ်ထဲမှာ မြန်မာအမျိုးသမီး ၁ ဦးကို အလုပ်ရှာပေးမယ်လို့ပြောပြီး ဖြားယောင်းခေါ်ဆောင်ကာ အလိုမတူဘဲ အဓမ္မပြုကျင့်၊ လည်ပင်းဓားထောက် ငွေညှစ်ခဲ့သူ  မြန်မာပွဲစား ၁ ဦးကို အေအေစီ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဖမ်းဆီးအရေးယူခဲ့ပါတယ်။ 

ကရင်ပြည်နယ်က အသက် ၃၀ ကျော်ရွယ်အမျိုးသမီး ၁ ဦးဟာ ထိုင်းနိုင်ငံထဲကို ကိုဗစ် ၁၉ အရေးပေါ်အခြေအနေ မကြေညာခင်က ရောက်ရှိလာခဲ့ပြီး အလုပ်အကိုင်ရှာဖွေနေခဲ့ပါတယ်။ 

အဲဒီမှာ ဖေ့ဘွတ်ခ်က အလုပ်ရှာပေးတဲ့ ပွဲစား ၁ ယောက်နဲ့ အဆက်အသွယ်ရပြီး အလုပ်သွင်းပေးဖို့အတွက် သူမကို ဆိုင်ကယ်နဲ့ လာခေါ်ခဲ့ကြောင်း၊ နခွန်းပထုန်ရှိ သူ့ရဲ့တိုက်ခန်းကို ရောက်တော့ မိုးချုပ်သွားလို့ နောက်နေ့မှ အလုပ်ရှင်ဆီသွားဖို့ပြောကာ ညရောက်တော့ သူမကို အလိုမတူဘဲ အဓမ္မပြုကျင့်ပြီး နောက်နေ့တွေမှလည်း  အခန်းထဲ ပိတ်လှောင်ခဲ့တယ်လို့ အေအေစီ ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ 

“မိန်းကလေးက အဲဒီကနေလွတ်လာပြီးတော့ ကျနော်တို့ဆီ လှမ်းပြီးဖုန်းဆက် အကူအညီတောင်းတာပါခင်ဗျ။  သူက ဟိုပွဲစားဆီမှာရှိတုန်းက သူ့ကို ဖုန်းမပေးကိုင်ဘူး၊ ဘယ်သူနဲ့မှလည်း ဆက်သွယ်ခွင့်မပြုဘူး၊ လွတ်ချင်ရင် ငွေပေးရမယ်ဆိုပြီး သူ့ဖုန်းနဲ့ မိန်းကလေးရဲ့ အဖေ အမေဆီ ဗွီဒီယိုကောလ်ခေါ်တယ်။ ပြီးတော့ မိန်းကလေး လည်ပင်းကို ဓားနဲ့ထောက်ပြပြီး  ပိုက်ဆံပို့ပေးရမယ်၊ မပို့ရင် သတ်မယ်ဆိုပြီး ခြိမ်းခြောက်လို့ မိဘတွေက ဘတ်ငွေ ၉၁၂၀ လွှဲပေးခဲ့ရတယ်။”

မိန်းကလေးမှာ ပွဲစားအိမ်က ထွက်ပြေးလွတ်မြောက်လာပြီး အခြားအဆက်အသွယ်နဲ့ အလုပ်လုပ်နေစဉ် အဆိုပါပွဲစားက သူ့ကိုထပ်ပြီး ငွေညှစ်ခဲ့ကြောင်း၊ တောင်းတဲ့ငွေမပေးဘူးဆိုရင် သူနဲ့အိပ်ခဲ့တဲ့ပုံတွေ လူမှုကွန်ရက်ပေါ် တင်လိုက်မယ်ဆိုလို့ နောက်ထပ် ဘတ်ငွေ ၉၀၀၀ ကို အလုပ်ရှင်ထံမှ လုပ်အားခကြိုယူပြီး လွှဲပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် မိန်းကလေးက အေအေစီကို လှမ်းအကူအညီတောင်းလို့ အေအေစီအဖွဲ့ကလည်း အဆိုပါပွဲစားအကြောင်းကိုစုံစမ်းပြီး မြန်မာအလုပ်သမားသံအရာရှိ၊ ထိုင်းနယ်မြေခံရဲတပ်ဖွဲ့ တွေနဲ့အတူ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဦးခိုင်ကြီးက ပြောပါတယ်။ 

“သူ့တိုက်ခန်းကိုရောက်တော့ သူကတံခါးဖွင့်မပေးဘူး၊ အထဲမှာပဲနေနေတာ။ အဲဒါ တိုက်ခန်းပိုင်ရှင်နဲ့ ရဲတွေ အတော်ကြာညှိယူရတယ်၊ ပြီးမှ တံခါးသော့ဖျက်ပြီး ဝင်ဖမ်းတာ။ သူက မူးယစ်ဆေးဝါးသုံး တဲ့အထောက်အထားတွေလည်းတွေ့တယ်။ ဒါပေမဲ့ မိန်းကလေးကို သူက ကျနော့်မိန်းမပါလို့ ထွက်ဆိုထားတော့ မုဒိမ်းမှုနဲ့ အရေးယူလို့ မရသေးဘူး။ လောလောဆယ် မိန်းကလေးကို ချုပ်နှောင်မှု၊ ခြိမ်းခြောက်ငွေညှစ်မှုတွေနဲ့ဘဲ အမှုဖွင့်ထားတယ်။”

အဆိုပါပွဲစားမှာ အသက် ၃၈ နှစ်ရွယ်ရှိ ကိုနိုင်ဆိုသူဖြစ်ကြောင်း၊ ထိုင်းစကားကို ကျွမ်းကျင်စွာပြောဆိုတတ်ကာ ယခင်ကလည်း သူ့အခန်းကို မိန်းကလေးတွေ မကြာမကြာ ခေါ်လာလေ့ရှိကြောင်း စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။ 

မိန်းကလေးကိုတော့ အမှုကိစ္စ ပြီးပြတ်သည်ထိ အေအေစီက လုံခြုံတဲ့တနေရာမှာ ထိန်းသိမ်း စောင့်ရှောက်ပေးနေကြောင်း၊ အခုခေတ်မှာ မသမာသူတွေ အွန်လိုင်းကိုအသုံးပြု၍ ဒုစရိုက်မှု ကျူးလွန်နေတာကြောင့် အထူးသတိထား ယုံကြည်သင့်ကြောင်း ဦးခိုင်ကြီးက ပြောသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013