DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း စပါးမျိုးစေ့ထုတ် လုပ်ငန်းဧက ၁ သိန်း စီမံကိန်းလုပ်ဆောင်မည်
DVB
·
June 19, 2020
နိုင်ငံတဝန်း စပါးမျိုးစေ့ထုတ် လုပ်ငန်းဧက ၁ သိန်း စီမံကိန်းလုပ်ဆောင်မည်
Donate to DVB

မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေအနှံ့မှာ စပါးမျိုးစေ့ထုတ် လုပ်ငန်း ဧက ၁ သိန်း စီမံကိန်းကို လုပ်ဆောင်သွားမယ်လို့   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါနဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအပေါ် သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး ဇွန်လ ၁၈ ရက်က ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အွန်လိုင်းကနေ ဆွေးနွေးရာမှာ ပြောသွားတာပါ။

ဝန်ကြီးဌာနအနေနဲ့ ကျေးလက်နေပြည်သူတွေရဲ့ လူမှုဘဝဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန် အချက် ၄ ချက် လျာထားပါကြောင်း၊  ပထမအချက်မှာ စိုက်ပျိုး ထုတ်လုပ်မှု မလျော့ကျစေဖို့ ဆောင်ရွက်မည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်  (CERP) အရ စပါးမျိုးစေ့ထုတ် လုပ်ငန်းဧက ၁ သိန်း စီမံကိန်းဖြစ်ကာ  စိုက်ပျိုးရေးဦးစီးဌာနက Focal အနေနဲ့ ဆောင်ရွက်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ချင်းပြည်နယ်မှအပ ကျန်ပြည်နယ်နဲ့တိုင်းတွေရှိ မြို့နယ်ပေါင်း ၂၈၇ မြို့နယ်မှာ ဆောင်ရွက်မည်ဖြစ်ပြီး မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ မျိုးစေ့ထုတ် တောင်သူအသင်း အဖွဲ့၊ မျိုးစေ့ထုတ်  သမဝါယမအသင်းအဖွဲ့၊ မျိုးစေ့ထုတ်ကုမ္ပဏီတွေနဲ့ ကန်ထရိုက် အကျိုးတူ လယ်ယာ စနစ်နဲ့ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဧက ၁ သိန်းမှာ  အထွက်ကောင်း မျိုးစပါး ဧကပေါင်း  ၆၉၀၀၀ ကျော်နဲ့ အရည်အသွေး ကောင်းတဲ့ စပါးမျိုးပေါင်း ဧက ၃၀၆၀၀ ကျော် ဆောင်ရွက်မှာဖြစ်ပြီး နိုင်ငံတော်အနေနဲ့ မျိုးစေ့၊ ပြုစုလုပ်အားခ၊ မျိုးကွဲနုတ်ပယ်တဲ့ လုပ်ငန်းနဲ့ မျိုးစေ့သန့်စင်လုပ်ငန်းတွေကို လုပ်အားခတွေ ထောက်ပံ့ ပေးမှာဖြစ်တယ်၊  ထောက်ပံ့ငွေကျပ် ၁၄ ဒသမ ၉၁ ဘီလီယံကို  CERP  အစီအစဉ်ကနေ ထောက်ပံ့ ပေးသွားမှာဖြစ်ပြီး ဒီလုပ်ငန်းစဉ်ဟာ  အခုကာလမှ စတင်ကာ စက်တင်ဘာလ ကုန် အပြီးဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီး ဒေါက်တာအောင်သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ  ၅ ဧက၊ မိုးရာသီတွင် ၅ ဧက မျိုးစပါးထုတ် လုပ်နိုင်ခဲ့ပြီး အခုနှစ်မှာတော့ မျိုးစပါး  ၁၆ ဧကခွဲ ထုတ်လုပ်ဖို့ လျာထားတယ်လို့ သိရပါတယ်။ 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ အရင်းမပျောက် မတည်ရန်ပုံငွေအဖြစ် ကျေးရွာနေ ပြည်သူတွေကိုယ်တိုင် စီမံခန့်ခွဲရမယ့် အစီအစဉ်လုပ်ဆောင်ဖို့ရှိပြီး  အိမ်ခြေ ၅ဝ အောက် ငွေကျပ် သိန်း ၁ဝဝ၊ အိမ်ခြေ ၅ဝ နဲ့ ၁ဝဝ ကြား ငွေကျပ်သိန်း ၂ဝဝ၊ အိမ်ခြေ ၁ဝဝ နဲ့ အထက် ငွေကျပ်သိန်း ၃ဝဝ ထောက်ပံ့သွားမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ  ကျေးရွာပေါင်း ၁၇ဝဝ အတွက်  စုစုပေါင်းငွေကျပ် ၄၂ ဘီလီယံ မတည်ရန်ပုံငွေ ထူထောင် ပေးသွားမယ်လို့ လည်း ဝန်ကြီးက ပြောပါတယ်။

ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်ဖို့ ငါးမွေးမြူရေးဦးစီးဌာနမှ မျိုးငါးနဲ့ ငါးသားပေါက်တွေ ထောက်ပံ့ပေးဖို့ရှိပြီး တစ်ဧကကို ငါးသားပေါက် ၂ဝဝဝ အား ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေထံ ထောက်ပံ့ပေးသွားမယ်၊ တစ်ဧကကို ငွေကျပ် ၄ဝဝဝဝ ခန့်ထောက်ပံ့ဖို့ မျှော်မှန်းထားပြီး ငွေကျပ် ၆ ဘီလီယံခန့်အသုံးပြုမှာဖြစ်သလို လယ်ယာသုံး စက်ကိရိယာများဖြန့်ဖြူးပေးဖို့ ငွေကျပ် ၁ ဒသမ ၂၅၇ ဘီလီယံ အသုံးပြုသွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တောင်သူတွေ ဝင်ငွေရရှိစေမယ့် အလုပ်အကိုင် ဖန်တီးခြင်းလုပ်ငန်း (၆) မျိုးကို ဆောင်ရွက်ဖို့ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးရွာ အခြေခံအဆောက်အအုံနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို  ကျေးရွာပေါင်း ၂၄၈၈ ရွာမှာ တစ်ရွာကို ငွေကျပ်သိန်း ၁ဝဝ နှုန်းနဲ့ ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

အဆိုပါလုပ်ငန်းအတွက် ငွေကျပ် ၂၅ ဘီလီယံ အသုံးပြုသွားမှာဖြစ်ပြီး အကျိုးပြုမယ့် အိမ်ထောင်စုမှာ ၁ ဒသမ ၂ သိန်း ၊ လူဦးရေအားဖြင့် ၆ သိန်းလောက် အကျိုးရှိမယ်လို့ သိရပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်လို့ စိုက်ပျိုးရေးဟာ အလွန်အရေးကြီးပါကြောင်း၊ ကိုဗစ်ကာလမှာ လှမ်းတဲ့ ခြေလှမ်းတွေဟာ အရင်လုပ်ခဲ့တာတွေနဲ့ သဟဇာတ ဖြစ်ဖို့လိုကြောင်း နောင်အတွက်လည်း  ရေရှည်ဆောင်ရွက်မယ့် ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေနဲ့လည်း စပ်ဟပ်မှုရှိဖို့ လိုကြောင်းနဲ့ နိုင်ငံကို စိုက်ပျိုးရေးကိုအခြေခံတဲ့ ခေတ်မီစက်မှုနိုင်ငံမျိုး ဖြစ်စေလိုတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ မေလ ၁ ရက်မှ ဇွန် ၁၅ ရက်အထိ ပြည်ပကို ဆန်တန်ချိန် ၂ သိန်းကျော် ပုံမှန်ထက် ပိုပြီး တင်ပို့ရောင်းချနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ခန့် နိုင်ငံခြားဝင်ငွေ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ တရုတ်၊ မလေးရှားနိုင်ငံတို့ကလည်း ဆန် ရောင်းချပေးဖို့ သံတမန်လမ်းကြောင်းက တောင်းဆိုမှုတွေကြောင့် ဆန်ရောင်း ချပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013