
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေချိန် စစ်အာဏာရှင်ခန့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဟာ ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ တရုတ်စီမံကိန်းတွေကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ စစ်အာဏာရှင်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
အတုအယောင် ရွေးကောက်ပွဲနဲ့အတူ ရခိုင်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနဲ့အဖွဲ့ဟာ ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်းတွေ ရှိတဲ့ မဒေးကျွန်းကို မေ ၉ ရက်က သွားရောက်ခဲ့တာဖြစ်ပြီး တရုတ်စီမံကိန်းတွေရဲ့ လုံခြုံရေးတွေအတွက် ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီခရီးစဉ်မှာ ဦးနိုင်ဦးနဲ့အဖွဲ့ဟာ မဒေးကျွန်းဒေသခံတွေနဲ့ တွေဆုံပြီး စီမံကိန်းတွေအတွက် တည်ဆောက်နေတဲ့ ကျောက်တန်း (၁) နဲ့ ကျောက်တန်း (၂) ရေလှောင်တမံ တည်ဆောက်မှုတွေကို ဆွေးနွေးခဲ့သလို တရုတ်ပိုင် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကိုလည်း သွားရောက်ခဲ့တယ်လို့ ပြန်ကြားရေး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်ဟာ ကျောက်ဖြူ တိုက်ပွဲပြင်းထန်နေချိန်မှာ တရုတ်စီမံကိန်းတွေကို သွားပြထာဟာ တရုတ်အစိုးရကို မျက်နှာချိုသွေးပြနေတာဖြစ်ပြီး သူတို့အနေနဲ့ တရုတ်စီမံကိန်းတွေကို ကာကွယ်နိုင်တယ်ဆိုတာကို ပြသချင်တာဖြစ်တယ်လို့ ကျောက်ဖြူဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“မဒေးကျွန်းက တရုတ်စီမံကိန်းတွေကို ပြည်နယ်အစိုးရအဖွဲ့ ရောက်လာတာရှိတယ်။ အဓိကတော့ တရုတ်စီမံကိန်းတွေကို သူတို့ကာကွယ်ပေးနိုင်တယ်ဆိုတာကို တရုတ်ကို မျက်နှာချိုသွေးပြီး ပြချင်တာ။ ဒေသခံတွေအတွက် တခုမှ မပါဘူး။ သူတို့က ကျောက်ဖြူမှာ တရုတ်ရဲ့ အကာအကွယ်ကို ရယူချင်တာကြောင့် အခုလို စစ်ရေးပြင်းထန်နေချိန်မှာ သွားပြနေတာ။”
ပြည်နယ် အစိုးရအဖွဲ့ သွားရောက်ခဲ့တဲ့ မဒေးကျွန်းဟာ လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေကြတဲ့ တောင်မော်ဦးရေတပ်နဲ့ ၂ မိုင်ဝန်းကျင်အကွာအဝေးသာရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ကျောက်ဖြူမြို့နယ်မှာ မေ ၈ ရက်ကတည်းက တောင်မော်ဦးရေတပ်ကနေ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေကြတာဖြစ်ပြီး စစ်တပ်က အထိနာကာ စစ်ကြောင်းပြန်ဆုတ်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာ ကျောက်ဖြူမြို့နယ် မျောချောင်း၊ စံပယ်ချောင်းနဲ့ စနဲမြို့ ပတ်ဝန်းကျင်တို့ကို လေကြောင်းကနေ တိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူစစ်မျက်နှာမှာ စစ်တပ်ရဲ့ စစ်ကြောင်းတွေ အထိနာနေတာကြောင့် ရေကြောင်းကနေ အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေပါတယ်။
Photo: MOI










