DVB Logo
Home
မြန်မာသတင်း
ပင်လည်ဘူးမြို့နယ်တွင် ကျပ်သိန်း ၆၆၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
June 18, 2020
ပင်လည်ဘူးမြို့နယ်တွင် ကျပ်သိန်း ၆၆၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ ကျော်ရွာကြီးကျေးရွာမှာ ဇွန် ၁၈ ရက်နေ့ မနက်ပိုင်းက ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၆၆၀၀ ခန့်ရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါးကြိုတင်သတင်းအရ ပင်လည်ဘူးမြို့နယ် မိုးသောက်ကြယ် မူးယစ်တားအဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ပူးပေါင်းကာ ဝိုင်းဝန်းဖမ်းဆီးရမိခဲ့တာပါ။

မိုးသောက်ကြယ် မူးယစ်တားအဖွဲ့ခေါင်းဆောင် ဦးခင်ဇော်ဝင်းက “မူးယစ်ဆေးဝါးရောင်းဝယ်မယ်ဆိုတဲ့ ကြိုတင်သတင်းအရ သွားစောင့်တာပေါ့။ အဲဒီကနေ ပထမတစ်ယောက်ကို တောထဲမှာ ဘိန်းဖြူဆပ်ပြာခွက် ၁၁၀ နဲ့အတူ ဖမ်းမိတယ်။ တစ်ယောက်ကတော့ ထွက်ပြေးသွားတယ်။ ထွက်ပြေးတဲ့ တစ်ယောက်မှာလည်း မူးယစ်ဆေးဝါးတွေ ရှိသေးတယ်ဆိုတာနဲ့ လိုက်ရှာတာ။ အိမ်မှာတော့ မရှိတော့ဘူး။ အိမ်နောက်ဖေးချုံပုတ်ထဲကို သွားပြီး ဝှက်ထားတာပေါ့။ အဲဒီမှာ ဆပ်ပြာခွက် ၅၄၉ ခွက် တွေ့ရှိခဲ့တာပါ။ ဒီပမာဏကတော့ ပင်လည်ဘူးမြို့နယ်မှာ ၂၀၂၀ ခုနှစ်အတွင်း ပမာဏအများဆုံး စံချိန်တင် ဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပင်လည်ဘူးမြို့နယ်၊ ကျော်ရွာကြီး-ဘာဟဲကျေးရွာချင်းဆက်လမ်းဘေးနေရာမှာ စိုးထွေး (၂၄ နှစ်) ကို တားဆီးစစ်ဆေးရာမှာ ကာလတန်ဖိုး ကျပ်သိန်း ၁၁၀၀ ခန့် တန်ဖိုးရှိ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါရောင်အမှုန့်ထည့် ရောင်စုံဆပ်ပြာခွက် ၁၁၀ ခွက် (တစ်ခွက်ကို အလေးချိန် ၁၀ ဂရမ်ခန့်စီပါ)စု စုပေါင်းအလေးချိန် ၁၁၀၀ ဂရမ်၊ တွေ့ရှိခဲ့တာပါ။ 

အဲဒီဖမ်းဆီးရမိမူးယစ်ဆေးတွေက နီတွတ် (ခေါ်) ကျော်စိုးဦး (၂၅ နှစ်) ရဲ့ပစ္စည်းတွေလို့ သိရှိရတဲ့အတွက် နေအိမ်ကို သွားရောက်ရှာဖွေရာမှာ နေအိမ်နောက်ဖေး ခြုံပုတ်အတွင်း သိုဝှက်ထားတဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါရောင်အမှုန့်တွေပါ ရောင်စုံဆပ်ပြာခွက်ပေါင်း ၅၄၉ ခွက်၊ စုစုပေါင်းအလေးချိန် ၅၄၉၀ ဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်း ၅၄၉၀ သိန်း ကို ရှာဖွေသိမ်းဆည်းရမိခဲ့ပါတယ်။ 

စုစုပေါင်းအလေးချိန် ၆၅၉၀ ဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်း ၆၅၉၀ သိန်း တန်ဖိုးရှိတယ်လို့ သိရပါတယ်။ 

အခုနောက်ပိုင်း ပင်လည်ဘူးမြို့နယ်မှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အကြိမ်ရေ အရင်ကထက် လျော့နည်းနေသေးပေမယ့် ဖမ်းဆီးရမိတဲ့ နေရာမှာတော့ လက်ကြီးသမားတွေနှင့် ပမာဏများတာတွေကို ဖမ်းဆီးရမိနေတယ်လို့လည်း မိုးသောက်ကြယ် မူးယစ်တား တာဝန်ရှိသူက ပြောပါတယ်။

အခုဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်လို့ စိုးထွေး (၂၄ နှစ်)ကို ပင်လည်ဘူးမြို့မရဲစခန်းက မူးစိတ်ပုဒ်မ ၁၉(က)/၂၂(ခ)/၂၁ အရ အမှုဖွင့်အရေးယူထားပါတယ်။

နီတွတ် (ခေါ်) ကျော်စိုးဦး (၂၅ နှစ်)ကိုတော့ မူးစိတ်ပုဒ်မ ၁၉(က)/၂၂(ခ)/၂၁ အပြင် မူးစိတ်ပုဒ်မ ၁၉(က)နဲ့ပါ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံ ဖော်ထုတ်ဖမ်းဆီးရမိရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013