DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၃ ဦးအထိ ရှိလာ
DVB
·
June 18, 2020
ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၃ ဦးအထိ ရှိလာ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ  ၃ ဦးအထိ ရှိလာပြီဖြစ်တယ်လို့  ဘူးသီးတောင်မြို့နယ် ကျန်းမာရေးဌာနကနေ သိရပါတယ်။

ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က “အခု တတိယမြောက် ပိုးတွေ့သူက ဒုတိယမြောက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ လူနာအမှတ် ၂၆၂ နဲ့ ထိတွေ့ခဲ့တဲ့ ကျီးနှုတ်သီးကျေးရွာက လူရဲ့သမီး ဖြစ်တယ်” လို့ အတည်ပြုပြောပါတယ်။

ဘူးသီးတောင်မြို့မှာ တတိယမြောက် ပိုးတွေ့သူ လူနာအမှတ် ၂၆၃ ဟာ ဒုတိယမြောက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၂၆၂ နဲ့ ထိတွေ့ခဲ့သူဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ဒီနေ့မနက်  တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

လူနာအမှတ် ၂၆၃ ဟာ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး  မောင်တောမြို့ရှိ လှဖိုးခေါင်ယာယီပြန်လည်လက်ခံရေးစခန်း Facility Quarantine စင်တာမှာ ရှိနေကာ မောင်တောခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသပေးမယ်လို့ ခရိုင်ကျန်းမာရေးဌာနက သိရပါတယ်။

အဆိုပါလူနာသစ် အမျိုးသမီးရဲ့ဖခင်ဖြစ်တဲ့ ကိုဗစ်-၁၉ လူနာအမှတ် ၂၆၂ ဟာ အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းမှာ ဆေးကုသမှုခံယူပြီး မေလဆန်းပိုင်းက ဘူးသီးတောင်မြို့ကို ပြန်လည်ရောက်ရှိလာသူဖြစ်ပါတယ်။ ဇွန် ၅ ရက်နေ့ကမှ အိမ်နီးနားချင်းတွေရဲ့ သတင်းပေးချက်အရ အုပ်ချုပ်ရေးနဲ့ ကျန်းမာရေးဌာနက သိရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုသိရပြီးနောက် ဘူးသီးတောင်မြို့ အမှတ် (၄) ရပ်ကွက်မှာရှိတဲ့ သူ့နေအိမ်ကို ဇွန် ၅ ရက်နေ့မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ရာမှာ သူနဲ့ မိသားစုဝင်တွေကပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆေးသွားရောက်ကုသတာမရှိဘူးလို့ ငြင်းဆိုနေတဲ့အတွက် ဇွန် ၆ ရက်နေ့မှာ ထပ်မံသွားရောက်စစ်ဆေးရာ ဘူးသီးတောင်မြို့နယ် တောင်ဘဇာကျေးရွာအုပ်စု ကျီးနှုတ်သီးကျေးရွာမှာ ရှိတဲ့ သူ့သမီးနေအိမ်ကို ထွက်ပြေးသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနောက် သူ့ကို ကျီးနှုတ်သီးရွာကနေ  ဖမ်းပို့ဖို့ပေးဖို့  အုပ်ချုပ်ရေးဌာနက အမိန့်ထုတ်လိုက်တဲ့အတွက် ဘူးသီးတောင်မြို့ကို ပြန်လည်ထွက်ပြေးလာပါတယ်။

ဇွန်လ ၁၀ ရက်နေ့မှာ သူ့ရဲ့ နှာခေါင်းနဲ့အာခေါင်တို့ဖတ်ယူပြီး ဓာတ်ခွဲစစ်ဆေးရာ ဇွန် ၁၅ ရက်နေ့မနက်မှာ ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

အခု ကူးစက်ခံရသူ လူနာအမှတ် ၂၆၃ ဟာလည်း  ကျီးနှုတ်သီးကျေးရွာကို လာရောက်နေထိုင်ခဲ့တဲ့ ဖခင်ဖြစ်သူ လူနာအမှတ် ၂၆၂ ကတဆင့် ရောဂါပိုးကူးစက်ခံရတာ ဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၉ ဦးအထိ ရှိနေပါတယ်။ ဘူးသီးတောင်မြို့မှာ ၃ ဦး၊ မောင်တောမြို့မှာ ၄ ဦး တွေ့ရှိထားပြီး သံတွဲမှာ ၁ ဦးနဲ့ တောင်ကုတ်မှာ ၁ ဦး တို့ ဖြစ်ပါတယ်။

သတင်း-လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013